ဒီတခါတော့ နွှာပြီ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ဒဏ်ရာကြောင့် အနားယူနေရသော ကွင်းလယ်လူ ကာစီမီယို ပြန်ကစားနိုင်မည်ဟု ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆလော့တီက ပြောသည်။

အစ်တီဟတ် ပထမအကျော့ပွဲက ပရိသတ်အကြိုက် ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး အပြန်အလှန်သွင်းဂိုးများနှင့်အတူ မန်စီးတီးက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အသက် ၃၀ အရွယ် ဘရာဇီးလ်သားသည် ချဲလ်ဆီးအားအနိုင်ရသည့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွင် နောက်ဆုံးကစားခဲ့ပြီး ကြွက်သားဒဏ်ရာကြောင့် အနားယူနေရသည်။

ဆီဗီလာ၊ အိုဆာဆူနာတို့ကို အနိုင်ရသောပွဲများအား လွဲချော်ခဲ့သော ကာစီမီယိုသည် မန်စီးတီးနှင့်ပွဲတွင် အရန်လူစာရင်းမှ ပါဝင်သော်လည်း အန်ဆလော့တီက အသုံးပြုခဲ့ခြင်း မရှိပေ။

၎င်းပါဝင်နိုင်ခြင်းမရှိ၍ ရီးရဲလ်၏ ကွင်းလယ်အဖျက်ကစားပုံက လိုအပ်ချက်များစွာရှိခဲ့ပြီး တိုနီခရူးစ်ကလည်း လိုက်ဖြည့်နိုင်ခြင်းမရှိခဲ့ပေ။

ဘာနေဗျူးပွဲတွင်မူ ကာစီမီယို သေချာပေါက် ပြန်ကစားမည်ဖြစ်သလို မန်စီးတီးကိုလည်း အနိုင်ရမည်ဟုယုံကြည်ကြောင်း အန်ဆလော့တီက ဆိုသည်။

“ကာစီမီယို ပြန်ကစားမှာပါ။ သေချာပါတယ်။ အလာဘာရဲ့အခြေအနေကတော့ စောင့်ကြည့်ရဦးမှာပါ။ ဒဏ်ရာပြင်းထန်မှာကို ရှောင်ရှားနိုင်ဖို့ အလာဘာကို လူစားလဲခဲ့တာပါ။

ဒုတိယအကျော့မှာတော့ သူတို့နှစ်ယောက်စလုံး အဆင်သင့်ဖြစ်နေမယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေ့လိုပွဲမျိုး ဒုတိယအကျော့မှာ ထပ်မြင်ရဖို့က ကျွန်တော်တို့အတွက် ခက်ပါတယ်။

မန်စီးတီးကတော့ အားသာချက်ရသွားတာပေါ့။ ဒါပေမဲ့လည်း အဲဒီအားသာချက်က အရမ်းကြီးမားတဲ့ အားသာချက်တော့ မဟုတ်ပါဘူး။ နောက်ထပ် အံ့အားသင့်စရာကောင်းတဲ့ ပဉ္စလက်ဆန်တဲ့ နောက် ထပ်ညတညဖြစ်လာဖို့ တိုက်ပွဲဝင်သွားမှာပါ” ဟု အန်ဆလော့တီက ဆိုသည်။

Ref:Yahoo

Facebook Comments Box
Facebook Comment