ဒိုင်ယက်စ်မှာ နောက် ၆ နှစ်မှ ၇ နှစ်အထိ မန်စီးတီး၌ အရေးပါသည့် ကစားသမား ဖြစ်လာမည်ဟု ဂွါဒီယိုလာ အာမခံ

ပက်ဂွါဒီယိုလာက နောက်ခံလူသစ် ရူဘင်ဒိုင်ယက်စ်မှာ မန်စီးတီး၏အနာဂတ်တွင် အလွန်အရေးပါသည့် ကစားသမား ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ မန်စီးတီးသည် ဘင်ဖီကာမှ ဒိုင်ယက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းဖြင့် ၆ နှစ်စာချုပ်ဖြင့် ခေါ်ယူထားသည်။

မန်စီးတီးသည် ဒိုင်ယက်စ်၏ အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် နောက်ခံလူ နီကိုလပ်စ်အော့တာမန်ဒီကို ပေါင် ၁၄ သန်းဖြင့် ဘင်ဖီကာသို့ ပြန်လည် ‌ရောင်းချခဲ့ရသည်။

ဒိုင်ယက်စ်သည် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၉ ပွဲကစားထားသူ ဖြစ်ပြီး ဘင်ဖီကာလူငယ်စီမံကိန်းမှ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့် သုံးရာသီတိုင်တိုင် အဓိကကစားသမားအဖြစ် ကစားလာခဲ့သူလည်း ဖြစ်သည်။

ဂွါဒီယိုလာက ဒိုင်ယက်စ်မှာ မန်စီးတီး၏လာမည့် နောက် ၆ နှစ်မှ ၇ နှစ် အထိ အဓိက ကစားသမားအဖြစ် ရှိလာမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

ဂွါဒီယိုလာက “ရူဘင်ဒိုင်ယက်စ်ရဲ့ကိုယ်ရေးကိုယ်တာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိထားကြပြီး ဖြစ်ပါတယ်။ သူက နောင် ၆ နှစ်မှ ၇ နှစ်အထိ အရမ်းအရေးပါတဲ့ကစားသမား ဖြစ်လာမယ်လို့ ကျွန်တော် အာမခံရဲပါတယ်။ သူ့ကို ခေါ်ယူလိုက်နိုင်လို့ ကျွန်တော်တို့ အရမ်း ဝမ်းသာရပါတယ်။ ကျွန်တော်တို့ နောက်တန်း လေးဦးက အရမ်းနုပျိုနေပါပြီ”ဟု ပြောကြားသွားသည်။

မန်စီးတီးသည် ကြားရက်တုန်းက ကာရာဘောင်းဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင် ဘန်လေကို ၃-၀ ဂိုးဖြင့် အနို်ငရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် နွေရာသီတွင် ဗလင်စီယာမှ ပြောင်းလာခဲ့သည့် စပိန်တောင်ပံကစားသမားဖာရန် တောရက်စ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့သည်။ မန်စီးတီးအတွက် အခြားနှစ်ဂိုးကို စတာလင်းက သွင်းယူခဲ့သည်။

မန်စီးတီးသည် လာမည့် စနေနေ့တွင် ပရီးမီးယားလိဂ် တန်းတက် လိဒ်ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment