ဒိန်းမတ်အတွက် သွားကစားနေစဉ် Porsche ကား အခိုးခံခဲ့ရသည့်အပြင် နေအိမ်ပါ ဖောက်ထွင်းခံခဲ့ရသည့် တိုက်စစ်မှူးကက်စ်ပါဒိုလ်ဘတ်

ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးကက်စ်ပါဒိုလ်ဘတ်သည် လက်ရွေးစင်အသင်းအ တွက် သွားရောက်ကစားနေစဉ် Porsche ကား အခိုးခံခဲ့ရသည့်အပြင် နေအိမ်ပါ ဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

ပြင်သစ်ကလပ် နိုက်စ်တွင် ကစားနေသည့် တိုက်စစ်မှူးသည် လေဆိပ်ကားပါကင်တွင် Porsche ကားကို ရပ်ထားခဲ့ခြင်းဖြစ်ပြီး ပြန်ရောက်လာချိန်တွင် ကားကို မတွေ့တော့ချေ။ သူသည် အိမ်သို့ ရောက်ချိန်တွင်လည်း အိမ်မှာ ဖောက်ထွင်း ခံထားရကာ ယူရို ၂၀၀၀ ခန့်နှင့် ဖုန်းအချို့တို့ ပျောက်ဆုံးနေကြောင်း တွေ့ရသည်။

သူသည် ဒိန်းမတ်အသင်းနှင့် ပူးပေါင်းကာ ဘယ်လ်ဂျီယံ၊ အင်္ဂလန်တို့နှင့်ကစား ရန်အတွက် Nice Cote d’Azur လေဆိပ်တွင် ကားကို ထားခဲ့ပြီး ဒိန်းမတ်သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

သူခိုးများသည် Porsche ကားထဲတွင် ရှိသည့် သော့များဖြင့် နေအိမ်ကိုပါ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ကြခြင်းဖြစ်သည်။

ဒိုလ်ဘတ်သည် လွန်ခဲ့သည့် တစ်နှစ်တုန်းကအေဂျက်စ်မှ ရောက်လာပြီးနောက် ဒုတိယအကြိမ်မြောက် အခိုးခံခဲ့ရခြင်းလည်းဖြစ်သည်။ သူသည် ပြီးခဲ့သည့် နှစ် စက်တင်ဘာလတုန်းကလည်း ကလပ် အဝတ်အစားလဲခန်းအတွင်းတွင် အဖိုးတန်နာရီကို ချွတ်ထားစဉ် ကစားဖော် လာမိန်းဒိုင်ယာဘီဖာဒီဂါ၏အခိုးခံခဲ့ ရသည်။ ဒိုင်ယာဘီဖာဒီဂါသည် ယင်းခိုးမှုအတွက် နိုက်စ်၏ထုတ်ပယ်ခြင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ဒိုင်ယာဘီဖာဒီဂါသည် ဒိုလ်ဘတ်၏ပေါင် ၆၂၀၀၀ တန်နာရီကို ခိုးယူမိမှုအတွက် လူသိရှင်ကြား တောင်းပန်ခဲ့သည်။

Facebook Comments Box
Facebook Comment