ဒိန်းမတ်နှင့်ပွဲတွင် ဂရီလစ်ချ်အား မသုံးခဲ့မှုအပေါ် ဆောက်ဂိတ်ကာကွယ်

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်သည် ဗုဒ္ဓဟူးနေ့က ဒိန်းမတ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သည့် နေးရှင်းလိဂ်ပွဲ ဂျက်ဂရီလစ်ချ်အား မသုံးခဲ့သည့် သူ၏ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားသွားသည်။

ဗီလာအသင်းခေါင်းဆောင်သည် ဝေးလ်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ခြေစွမ်းပြကစားနိုင်မှုကြောင့် ပွဲစဉ် အလိုက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ သို့ရာတွင် ၎င်းသည် ဘယ်လ်ဂျီယံအား အနိုင်ရရှိသည့်ပွဲနှင့် ဒိန်းမတ်အား ရှုံးနိမ့်သည့်ပွဲတို့တွင် မကစားခွင့်မရခဲ့သည့်အရန်အဖြစ်သာ ရှိနေခဲ့သည်။ ဒိန်းမတ်သည် ဝင်ဘာလေပွဲစဉ်၌ ပထမပိုင်းတွင် ခရစ္စတီယန်အဲရစ်ဆင်သွင်းယူသည့် ပင်နယ်တီဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အင်္ဂလန်သည် ဟယ်ရီမက်ဂွိုင်းယား နှစ်ဝါတစ်နီဖြင့် အထုတ်ခံရ၍ တစ်နာရီကျော်ကြာ ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရသည့်အပြင် ရီစီဂျိမ်းစ်မှာလည်း ပွဲပြီး ခရာမှုတ်ပြီးချိန်တွင် ဒိုင်လူကြီးအား စောဒကတက်မှုအတွက် အနီကတ်ပြသခြင်းခံခဲ့ရသည်။

ဆောက်ဂိတ်က မက်ဂွိုင်းယားအထုတ်ခံရချိန်တွင် သူ၏အစီအစဉ်များ ပြောင်းလဲ လိုက်ရကြောင်းနှင့် တောင်ပံကို အားပြု ထိုးဖောက်ကစားခဲ့ရကြောင်း ပြောကြားသွားသည်။

ဆောက်ဂိတ်က “တောင်ပံကနေ အလျှင်အမြန် တိုက်စစ်ဆင်ဖို့ လိုခဲ့တယ်။ ဆယ်ယောက်တည်းနဲ့ ကစားရတဲ့အချိန်မှာ တောင်ပံကိုဘဲ အားပြုရပါတော့မယ်။ မာဆင်(မောင့်)နဲ့မားကပ်စ်(ရပ်ရှ်ဖို့ဒ်)တို့ကလည်း ကောင်းကောင်းကစားခဲ့ကြပါတယ်။ သူတို့ ကောင်းကောင်းခုခံနိုင်ခဲ့သလို ခြိမ်းခြောက်မှုလည်း လုပ်နိုင်ခဲ့တယ်။ မာဆင်ဆို ခေါင်းတိုက်ချက်ကနေ ဂိုးရလုနီးပါးဖြစ်ခဲ့ပါတယ်”ဟု ပြောကြားသွားသည်။

ဂရီလစ်ချ်သည် စက်တင်ဘာလတုန်းက ဒိန်းမတ်နှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် ပွဲချိန် ၇၆ မိနစ်၌ လူစားဝင်ရောက်ကစားကာ အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားခဲ့သူ ဖြစ်သည်။ ယင်းနောက် သူသည် ပြီးခဲ့သည့်အပတ်က ဝေးလ်နှင့်ပွဲတွင် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။ သူသည် ဝေးလ်ပွဲတွင် ကယ်ဗတ်လီဝင်း ခေါင်းတိုက် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သည်။

အင်္ဂလန်သည် နေရှင်းလိဂ် အုပ်စု (အေ၂)တွင် ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နောက် တတိယနေရာတွင် ရပ်တည်နေသည်။ ၎င်းတို့သည် လက်ကျန်နေးရှင်းလိဂ်ပွဲစဉ်များအဖြစ် ဘယ်လ်ဂျီယံ (အဝေး)၊ အိုက်စလန် (အိမ်)တို့ ကစားသွားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment