ဒါနီရယ် ဂျိမ်းစ် နောက်ထပ် မိနစ် ၂၀ ကစားရင် ပေါင် ၁ သန်း ကုန်ကျမည့် မန်ယူ

မန်ယူသည် ဒါနီရယ်ဂျိမ်းစ်အား နောက်ထပ် မိနစ် ၂၀ ကစားခွင့်ပေးလိုက်မည်ဆိုလျှင် ပေါင် ၁ သန်းအထိ ဆွမ်စီးကို ပေးရမှာ ဖြစ်ကြောင်း သိရသည်။ The Athletic ၏ ဖော်ပြချက်အရ မန်ယူသည် ၂၀၁၉ ခုနှစ်တုန်းက ဒါနီရယ်ဂျိမ်းစ်ကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူစဉ်က ထည့်သွင်းချုပ်ဆိုထားသည့် စာချုပ်ပါအချက်အရ ဆွမ်စီးကို ပေါင် ၁ သန်းပေးရမှာ ဖြစ်ကြောင်း သိရသည်။

မန်ယူသည် ဒါနီရယ်ဂျိမ်းစ်ကို ပွဲ ၄၀ အသုံးပြုတိုင်း အပိုဆုကြေးပေးရမည့် အချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည်။ သို့ရာတွင် ပွဲ ၄၀ မှာ တစ်ပွဲလျှင် အနည်းဆုံး မိနစ် ၂၀ ကစားမှသာလျှင် အကျုံးဝင်နေသည်။

ဂျိမ်းစ်သည် စာချုပ်ပါအချက်အတိုင်း ပြည့်ရန် တစ်ပွဲသာ လိုတော့ပြီဖြစ်ပြီး သူသည်  ဇွန်လတွင် ဘောလုံးပွဲများ ပြန်စတင်ပြီးနောက် တစ်ပွဲတည်းသာ ကစားခဲ့ရသည်။

သူသည် ပြီးခဲ့သည့် ရာသီတုန်းက မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၆ ပွဲကစားခဲ့ရသော်လည်း မိနစ် ၂၀ အောက် ကစားခဲ့ရသည့်ပွဲ ၇ ပွဲအထိ ရှိနေသည်။

ထို့ကြောင့် မန်ယူအနေဖြင့် လာမည့် ၂၀၂၀-၂၀ ရာသီတွင် ဒါနီရယ် ဂျိမ်းစ်အား အနည်းဆုံး မိနစ် ၂၀ အသုံးပြုရုံဖြင့် ဆွမ်စီးကို ပေါင် ၁ သန်း ဆုကြေးငွေ ပေးရတော့မည် ဖြစ်သည်။

မန်ယူတောင်ပံကစားသမားသည် ဂရင်းဝုဒ်အကောင်းဆုံးပုံရရှိနေမှု၊ အလယ်တန်း တိုက်စစ်သမား ဗန်ဒီဘိခ် ရောက်လာမှုကြောင့် လာမည့် ၂၀၂၀-၂၁ ရာသီတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရဖွယ်မရှိချေ။ သို့ရာတွင် သူသည် အရန်အဖြစ် ကစားခွင့် ရရှိလာနိုင်ပြီး စက်တင်ဘာလ ၂၂ ရက်တွင် ရီးဒင်း(သို့မဟုတ်)လူတန်နှင့် ရင်ဆိုင်ရမည့် ကာရာဘောင်းပွဲတွင် ပွဲထွက်ခွင့် ရနိုင်ကာ ဆွမ်စီး၏မျှော်လင့်ချက် ပြည့်မြောက်လာဖွယ်ရှိနေသည်။

Facebook Comments Box
Facebook Comment