ဒဏ်ရာ မပြင်းထန်ဟု အမ်ဘာပီ မျှော်လင့်

ဆွီဒင်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် နေးရှင်းလိဂ် အဖွင့်ပွဲစဉ်တွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့သော ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပီက ၎င်း၏ဒဏ်ရာ မပြင်းထန်ဟု မျှော်လင့်ထားပြီး ခရိုအေးရှားနှင့် ကစားရမည့်ပွဲတွင်လည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ဆိုလ်နာမြို့တွင်ပြုလုပ်သော အဆိုပါပွဲတွင် အမ်ဘာပီသည် ပထမပိုင်း ၄၁ မိနစ်တွင် အ နိုင်ဂိုး သွင်းယူနိုင်သော်လည်း ညာဘက်ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ၇၇ မိနစ်တွင် မာရှယ်နှင့် လူစားလဲခဲ့ရသည်။

ဒဏ်ရာရရှိချိန်တွင် ဆေးအဖွဲ့ဝင်တစ်ဦးက ၎င်း၏ ခြေကျင်းဝတ်အား ကုသပေးနေချိန်တွင် အမ်ဘာပီ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်ကို မြင်တွေ့ရသည်။

ထို့ကြောင့် မီဒီယာများက အသက် ၂၁ နှစ်အရွယ် အမ်ဘာပီ၏ ဒဏ်ရာက ပြင်းထန်ဖွယ်ရှိသည်ဟု ခန့်မှန်းရေးသားနေကြသည်။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီသည် ဇူလိုင် ၂၄ ရက်က စိန့်အက်တီယန်ကို အနိုင်ရခဲ့သော ပြင်သစ်ဖလား ဗိုလ်လုပွဲတွင်လည်း ပြင်းထန်သည့် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သေးသည်။

သို့သော်လည်း ၎င်းသည် နောက် ၃ ပတ်အကြာတွင်မူ ပြန်လည်သက်သာလာကာ ချန်ပီ ယံလိဂ်ပွဲစဉ်များကိုပင် ကစားနိုင်ခဲ့သည်။

လက်ရှိရရှိထားသော ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ပြင်သစ်အတွက် ၃၅ ပွဲတွင် ၁၄ ဂိုးသွင်းထားသော အမ်ဘာပီက “ဒဏ်ရာက နာနေတယ်။ ဒါပေမဲ့ ပိုကောင်းလာမှာပါ။ ခရိုအေးရှားနဲ့ပွဲမှာ ကျွန်တော်တို့ ပိုကောင်းလာမှာပါ။ အလုပ်အတူ လုပ်ကြမယ်။ ကျွန်တော် ကစားနိုင်မလားဆိုတာ နည်းပြက ဆုံးဖြတ်ပေးမှာပါ” ဟု ပြောသည်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းသည် နေးရှင်းလိဂ် ဒုတိယပွဲအဖြစ် ပေါ်တူဂီအသင်းအား ဂိုးပြတ်ရှုံးနိမ့်ထားသော ခရိုအေးရှားကို စက်တင်ဘာ ၈ ရက်တွင် ဧည့်ခံကစားရမည် ဖြစ်သည်။

နေးရှင်းလိဂ် A အုပ်စု(ဂ)တွင် ပေါ်တူဂီနှင့် ပြင်သစ်တို့က ရမှတ် ၃ မှတ်စီရယူကာ ဂိုးကွာခြားချက်ကြောင့် ပေါ်တူဂီက ထိပ်ဆုံးမှ ဦးဆောင်နေပြီး ပြင်သစ်က ဒုတိယနေရာ မှ ရပ်တည်နေသည်။

Ref:AS

Facebook Comments Box
Facebook Comment