
ဒဏ်ရာပြဿနာနှင့် ရီးရဲလ် ရင်ဆိုင်နေရ
လာလီဂါချန်ပီယံဆုအား ဆက်လက်ကာကွယ်နိုင်ရေး ရုန်းကန်နေရသော ရီးရဲလ်မက်ဒရစ်သည် အဓိက ကစားသမားအချို့ ဒဏ်ရာရရှိနေ၍ အခက်တွေ့လျက်ရှိသည်။
ယခုနောက်ဆုံး အနားယူရမည့်သူက ဂိုးသမား ကော်တွိုက်စ်ဖြစ်ပြီး ပေါင်ခြံဒဏ်ရာကြောင့် ၁၀ ရက်ကျော်ကြာ ကုသမှုခံယူရမည်ဖြစ်သည်။
ယခုရာသီ လာလီဂါ ၁၅ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၂၄ ပွဲကစားထားသော ဘယ်လ်ဂျီယံသားသည် မာယော့ကာနှင့်ပွဲတွင် ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့်ရခဲ့သည်။
သို့သော်လည်း ပွဲမစမီ သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အရန်ဂိုးသမား အန်ဒရီလူနင်က ၎င်းအစား ပါဝင်ကစားခဲ့သည်။
ယနေ့နံနက်တွင် ဒဏ်ရာကို အသေးစိတ်စစ်ဆေးခဲ့ရာ ရက်သတ္တပတ်နှစ်ပတ်နီးပါးကြာ အနားယူရမည်ဖြစ်သည်။
ရီးရဲလ်က ကော်တွိုက်စ်ကို ဖေဖော်ဝါရီ ၂၁ ရက် လီဗာပူးလ်နှင့်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဝေးကွင်းပွဲစဉ်တွင် ပါဝင်နိုင်ရန် မျှော်လင့်နေသည်။
လာလီဂါတွင် ဘာစီလိုနာနှင့် ၈ မှတ်ကွာနေသော ရီးရဲလ်တွင် ကပ္ပတိန် ကာရင်ဘန်ဇီးမား၊ အီဒင်ဟာဇက်၊ ဗက်စကွက်၊ မီလီတာအို၊ မန်ဒီတို့လည်း ဒဏ်ရာကြောင့် အနားယူနေရသည်။
Ref:managingmadrid