ဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နှင့်ပွဲကို ကော်တင်ညို လွဲချော်မည်

ဘာစီလိုနာ တောင်ပံတိုက်စစ်မှူး ဖိလစ်ပီကော်တင်ညိုသည် တံကောက်ကြောဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နှင့် ကစားမည့် ချန်ပီယံလိဂ် ပွဲစဉ်အား လွဲချော်ရမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြု ကြေညာသည်။

ဘရာဇီးလ်လက်ရွေးစင် ကော်တင်ညိုသည် ယမန်နေ့က ရီးရဲလ်မက်ဒရစ်အား ရှုံးနိမ့်ခဲ့သည့် အယ်လ်ကလက်စီကို ပွဲစဉ်တွင် ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ကော်တင်ညိုသည် ရီးရဲလ်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သော်လည်း နာကျင်ပုံမရ၍ ပွဲအစအဆုံး ပါဝင်ကစားခဲ့ပြီး နောက်တစ်နေ့ ဆေးစစ်ရာတွင်ကျမှသာ ဘယ်ဖက်တံကောက်ကြောဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာသည် လာမည့် ဗုဒ္ဓဟူးညတွင် ဂျူဗင်တပ်စ်၏ အိမ်ကွင်း တူရင်တွင် စီးရီးအေ ချန်ပီယံကလပ်နှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ကော်တင်ညို မပါဝင်နိုင်ခြင်းက နည်းပြ ရော်နယ်ကိုးမန်းအတွက် အခက်တွေ့စရာ ဖြစ်နေသည်။

ဘာစီလိုနာက “ဒီနေ့မနက် ဆေးစစ်မှုအရ ကော်တင်ညိုရဲ့ဘယ်ဖက်တံကောက်ကြောမှာ ဒဏ်ရာရနေတာကို တွေ့ရှိခဲ့ပါတယ်။ ဘယ်လောက် အနားယူရမလဲဆိုတာက ဒဏ်ရာအခြေအနေပေါ် မူတည်ပါတယ်” ဟု ကြေ ညာသည်။

အိမ်ရှင် ဂျူဗင်တပ်စ် အဓိက တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုမှာ COVID-19 ကူးစက်ခံထားရဆဲဖြစ်၍ ဘာစီလိုနာနှင့်ပွဲအား လွဲချော်ဖွယ်ရှိနေသော်လည်း စီးရီးအေချန်ပီယံ ကလပ်က ပွဲကစားရန် ၂၄ နာရီအလိုတွင် ဗိုင်းရပ်စ်ကင်းစင်ကြောင်း ဆေးစစ်ချက်မှတ်တမ်း ပြသကာ ကစားခွင့်ရနိုင်ရန် မျှော်လင့်ထားဆဲ ဖြစ်သည်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၁ တွင် ဂျူဗင်တပ်စ်က ဒိုင်နမိုကိဗ်ကို ၂-၀ ဂိုး၊ ဘာစီလိုနာက ဖီရန်ဗာရို့စ်ကို ၅-၁ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရရှိထားသည်။

Ref:fcbarcelona

Facebook Comments Box
Facebook Comment