တံကောက်ကြော ဒဏ်ရာကြောင့် ပူလီဆစ် အနားယူရမည်ဟု လမ်းပတ် ဆို

အမေရိကန် တောင်ပံကစားသမား ခရစ်ရှန်ပူလီဆစ်သည် ဘန်လေအား အနိုင်ရသည့် ပွဲမတိုင်မီ ပြုလုပ်သော သွေးပူလေ့ကျင့်ခန်း အစီအစဉ်တွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သောကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရမည်ဟု ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အတည်ပြုသည်။

၂၂ နှစ်အရွယ် ပူလီဆစ်သည် ဒေါ့မွန်မှ ပေါင် ၅၈ သန်းဖြင့် ပြောင်းရွှေ့လာချိန်ကတည်းက ဒဏ်ရာကြောင့် မကြာခဏ အနားယူခဲ့ရပြီး အာဆင်နယ်အား ရှုံးနိမ့်ခဲ့သည့် အက်ဖ်အေဖလား ဗိုလ်လုပွဲတွင်လည်း ဒဏ်ရာထပ်ရခဲ့၍ ယခုရာသီအစပိုင်း ပွဲစဉ်များအား လွဲချော်ခဲ့ရပြန်သည်။

၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ပွဲထွက်လူစာရင်းမှ ၂ ပွဲ၊ လူစားဝင်အဖြစ် ၁ ပွဲ၊ ချန်ပီယံလိဂ်တွင် ပွဲထွက်လူစာရင်းမှ ၁ ပွဲ၊ လူစားဝင်အဖြစ် ၁ ပွဲ စုစုပေါင်း ၅ ပွဲ ကစားခွင့်ရထားသည်။

ယခုရာသီ ပြိုင်ပွဲစုံ ၅ ပွဲတွင် ၁ ဂိုးသွင်းထားသော ပူလီဆစ်၏ ဒဏ်ရာအခြေအနေက အလွန်ဆိုးရွားခြင်း မရှိသော်လည်း ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဟု လမ်းပတ်က ပြောသည်။

“သူ ၃ ပွဲ ကစားခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း သူ့ကိုကစားခွင့်ပေးဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့် တံကောက်ကြောမှာ နည်းနည်းနာကျင်နေတယ်လို့ ပြောပါတယ်။ ဘယ်လောက်အထိ အနားယူရမလဲဆိုတာ သေချာ မသိသေးပါဘူး။

အဖြေကို စောင့်ဆိုင်းရဦးမှာပါ။ ဒဏ်ရာကာလက တိုတောင်းပါစေလို့ပဲ မျှော်လင့်ထားပါတယ်” ဟု လမ်းပတ်က ဆိုသည်။

နောက်ဆုံးရရှိခဲ့သော ဒဏ်ရာကြောင့် ပူလီဆစ်သည် ရင်းနက်စ်နှင့် ကစားရ မည့် ချန်ပီယံလိဂ် ၂ ပွဲ၊ ရှက်ဖီးယူနိုက်တက်၊ နယူးကာဆယ်၊ စပါး၊ ဆီဗီလာ၊ လိဒ်စ်တို့နှင့် ကစားရမည့် ပွဲများအား လွဲချော်ရမည် ဖြစ်သည်။

Ref:TheSun

Facebook Comments Box
Facebook Comment