တံကောက်ကြောဒဏ်ရာကြောင့် အဂူရို တစ်လခန့် ထပ်နားရဦးမည်

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက တိုက်စစ်မှူးဆာဂျီယိုအဂူရိုမှာ တံကောက်ကြောဒဏ်ရာသစ်ကြောင့် တစ်လခန့်အနားယူရမည်ကို စိုးရိမ်နေရကြောင်း ပြောကြားလိုက်သည်။ အာဂျင်တီးနားတိုက်စစ်မှူးသည် ယနေ့ညတွင် မာဆေးလ်အား အဝေးကွင်း၌ ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည့်အပြင် လာမည့်လ လီဗာပူးနှင့် ပရီးမီးယားလိဂ်ပွဲစဉ်အထိ လွဲချော်ရနိုင်သည်။

အဂူရိုက “ဒဏ်ရာအခြေအနေဘဲ မူတည်နေပါတယ်။ အနည်းဆုံးတော့ ၁၀ ရက်ကနေ ၁၅ ရက်အထိ နားရပါမယ်။ တကယ်လို့ နည်းနည်း ကြာမယ်ဆိုရင်လည်း သုံးပတ်ကနေ တစ်လအထိ ဖြစ်သွားနိုင်ပါတယ်”ဟု ပြောကြားသွားသည်။

သို့ရာတွင် မန်စီးတီးအတွက် သတင်းကောင်းမှာ အလယ်တန်းတိုက်စစ်သမားကီဗင်ဒီဘရိုင်းမှာ ကြံ့ခိုင်မှု ပြည့်ဝလာခြင်း ဖြစ်သည်။ ကီဗင်ဒီဘရိုင်းသည် စနေနေ့က ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားခဲ့ပြီး ယနေ့ည မာဆေးလ်နှင့်ပွဲတွင် ပွဲထွက်လာမည် ဖြစ်သည်။ ထို့အပြင် နောက်ခံလူလာပေါ်တီမှာလည်း ဒဏ်ရာကြောင့် မန်စီးတီး၏ နောက်ဆုံးသုံးပွဲကို လွဲချော်ခဲ့သော်လည်း မာဆေးလ်နှင့်ပွဲအတွက် မန်စီးတီးလူစာရင်းတွင် ပါဝင်လာသည်။

မန်စီးတီးတိုက်စစ်မှူးဂျီးဆပ်စ်မှာ နောက်တစ်ပတ်မှ ၁၀ ရက်အတွင်းတွင် ပြန်ကစားနိုင်ဖွယ်ရှိနေပြီး နောက်ခံလူနသန်အကဲမှာလည်း ပြန်ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်သည်။

မန်စီးတီးသည် ယနေ့ညတွင် မာဆေးလ်နှင့် ချန်ပီယံလိဂ်ကစားပြီးနောက် စနေနေ့တွင် ရှက်ဖီးလ်ယူနိုက်တက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment