
တော့တီကို ရိုးမားနည်းစနစ်ဒါရိုက်တာအဖြစ် မြင်တွေ့ရမလား?
ရိုးမားအသင်းပိုင်ရှင်သစ်ဒန်ဖရက်ကန်သည် ဂန္ထဝင်အသင်းခေါင်းဆောင်ဖရန်ဆစ္စ ကိုတော့တီကို နည်းစနစ်ဒါရိုက်တာရာထူးအတွက် ကမ်းလှမ်းထားကြောင်း သိရသည်။ ထို့အပြင် ဖရက်ကန်၏ကမ်းလှမ်းမှုတွင် တော့တီအနေဖြင့် ဒုက္ကဌအ ဖြစ် တာဝန်ထမ်းဆောင်နိုင်သည့်အခွင့်အရေးလည်း ပါဝင်နေကြောင်း သိရသည်။
Calciomercato.com ရဲ့ဖော်ပြချက်အရ ဖရန်ဆစ္စကိုတော့တီသည် ရိုးမားစီအီးအိုဂူလ်ဒိုဖီယန်ဂါနှင့်အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကာ ယခုအပတ်အတွင်းတွင် အီတလီသို့ ဖရက်ကန်ရောက်လာပါက အပြီးသတ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်သည်။
ဖရက်ကန်သည် အောက်တိုဘာလတွင် ရိုးမားဒါရိုက်တာအဖွဲ့ဝင်ကို ရွေးချယ်ရန် စီစဉ်ထားသော်လည်း စက်တင်ဘာလ ၂၇ ရက်နေ့သို့ ရွှေ့ဆိုင်းကာ စောစီးစွာ ခန့်အပ်ရန် စီစဉ်ထားသည်။
စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဖရန်ဆစ္စကိုတော့တီ၏မွေးနေ့ဖြစ်ရာ ရိုးမားအသင်းပိုင်ရှင်သစ်များအနေဖြင့် တစ်ချိန်က ကစားသမားဟောင်းများကို မမေ့ဘဲ အနာဂတ်တည်ဆောက်ရာတွင် ပါဝင်လုပ်ဆောင်နေစေကြောင်းကို ပရိသတ်များ သိအောင်ပြသရန် စီစဉ်ထားသည်။
တော့တီသည် ယခင်ရိုးမားအသင်းပိုင်ရှင်လက်ထက်တုန်းက အားကစားဒါရိုက်တာမွန်ချီ၏လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ပါဝင်လုပ်ဆောင်နိုင်သည့် အခွင့်အရေး မရရှိမှုနှင့်အတူ ထွက်ခွာလာခဲ့သူဖြစ်သည်။
လက်ရှိအချိန်တွင် တော့တီသည် ကိုယ်ပိုင်ဘောလုံးအကယ်ဒမီလည်း တည်ဆောက်ထားရာ ရိုးမားအလုပ်ကြောင့် အလုပ်နှစ်ခုလုံးကို မည်သို့ လုပ်ဆောင်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ရိုးမားသည် တော့တီအား ကလပ်သံတမန်၊ နည်းစနစ်ဒါရိုက်တာ၊ ဒုဥက္ကဌရာထူးစသည့် နေရာသုံးနေရာတို့မှ တစ်ခုကို ရွေးချယ်ခွင့်ပေးသွားမည်ဖြစ်သည်။ သို့ရာတွင် တော့တီအနေဖြင့် နည်းစနစ်ဒါရိုက်တာရာထူးကို ရယူသွားဖွယ်ရှိနေသည်။