တောပြောင်းမှားသူရဲ့ ရင်နာစရာ ပါရီလမ်းခွဲ

မက်ဆီဆိုတာ ကမ္ဘာ့အကောင်းဆုံး
ကစားသမားတယောက်။
သက်သေပြနေစရာကိုမလိုတဲ့
GOAT တပါး။ မရဖူးတဲ့
ဖလားဆိုတာလည်း သိပ်မရှိတော့ဘူး။
ပြင်သစ်လိဂ်ဖလားလောက်ပဲ
ရှိပါတယ်။
အာဂျင်တိုင်းကပ္ပတိန်ဟာ
ပရိသတ်တွေကို သူ့ရဲ့မှော်အစွမ်းနဲ့
ဖျော်ဖြေမှုပေးစွမ်းနေတာ
ဆယ်စုနှစ် ၂ ခုနီးပါး ရှိနေပြီ။

ဘောလုံးကို စိတ်မဝင်စားသူတွေတောင်
လီယိုရဲ့ ခြေစွမ်းကို အသိအမှတ်
ပြုနေကြတာပါ။ သူလိုလူကို
လှောင်ပြောင်ကြတဲ့သူဆိုတာ
မရှိနိုင်ဘူးလို့ ထင်ခဲ့ကြတာ။
ဘာစီလိုနာမှာ ရှင်ဘုရင်တပါးလို
ပြုမူဆက်ဆံခံရတဲ့ လီယိုဟာ
ပါရီကိုရောက်လာတော့မှ
ရာဇဝင် ရိုင်းခဲ့ရတာပါ။ ချန်ပီယံလိဂ်
မရယူပေးနိုင်တာကြောင့်
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးကို
ဘူးမှုတ် လှောင်ခဲ့ကြတယ်။

ကစားသမားဟောင်းတွေကတောင်
မက်ဆီဘက်ကနေ ရပ်တည်ပေးခဲ့တယ်။
ဥရောပချန်ပီယံ မဖြစ်ခဲ့တာကြောင့်
ကစားသမား အနည်းငယ်အပေါ်
လှောင်ပြောင်ခဲ့ကြတဲ့ ပီအက်စ်ဂျီ
ပရိသတ်တွေရဲ့ လုပ်ရပ်က
မျှတပါရဲ့လား။ သူတို့ရဲ့ ပစ်မှတ်က
တောင်အမေရိသားတွေဖြစ်တဲ့
မက်ဆီနဲ့နေမာ။ အမ်ဘာပေကို
လှောင်တယ်ဆိုတာမျိုး မကြားမိဘူး။

တကယ်ဆို အသင်းတသင်း
ရလဒ်ဆိုးရင် နည်းပြသာမကဘဲ
ကစားသမားတွေ အပေါ်မှာလည်း
တာဝန်ရှိတာပဲ။ အားလုံး
အေးအတူ ပူအမျှ ဖြစ်နေရမှာ။
ပျော်စရာရှိရင် အတူပျော်ကြမယ်၊
ဝမ်းနည်းစရာရှိရင်လည်း မျှဝေ
ခံစားကြမယ်။ ဒီလိုဖြစ်နေရမှာ။

အခုတော့ အဲလို မဟုတ်ဘူး။
ရလဒ်မကောင်းတာနဲ့ မက်ဆီကိုပဲ
အပြစ်တင်နေကြတယ်။
ဒီအချက်တွေကပဲ ပါရီကိုစွန့်ခွာဖို့
လုံလောက်တဲ့ အကြောင်းပြချက်
ဖြစ်လာခဲ့တယ်။ တနှစ် ထပ်မံ
သက်တမ်းတိုးခွင့်ရှိပေမယ့်
မတိုးတော့ဘူး။

ပြင်သစ်က ထွက်ခွာမယ့်လမ်းကို
သူ ရွေးချယ်လိုက်တယ်။
ကလာမွန့်နဲ့ပွဲက မက်ဆီရဲ့
ပါ့ဒက်စ်ပရင့်စ် အိမ်ကွင်းနောက်ဆုံးပွဲ။
အမုန်းမဖက်ဘဲ အပြုံးနဲ့ နှုတ်ဆက်ဖို့
စိတ်ကူးထားခဲ့ပေမယ့်လည်း
ပီအက်စ်ဂျီပရိသတ်တွေကတော့
ရွဲ့နေသလားလို့တောင် ထင်ရတယ်။
မက်ဆီကန်လို့ ဘေးထွက်သွားရင်
လှမ်းအော်တယ်။ ဘောလုံးပျက်သွားရင်
ဘူးမှုတ်တယ်။

တကယ်တော့
မက်ဆီဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ
၂၁ ဂိုးသွင်းပြီး အမ်ဘာပေပြီးရင်
ပါရီကလပ်ရဲ့ ဒုတိယမြောက်
သွင်းဂိုးအများဆုံး ကစားသမားအဖြစ်
ရပ်တည်ခဲ့တာ။ လီဂူးမှာလည်း
၁၆ ကြိမ်ဖန်တီးကာ ဂိုးဖန်တီးမှု
အများဆုံး ကစားသမားအဖြစ်
ရပ်တည်ခဲ့တာပါ။

ဒီလိုကစားသမားမျိုးကို သူ့ရဲ့
နောက်ဆုံးနှုတ်ဆက်ပွဲမှာ
မေတ္တာထားမပေးနိုင်တဲ့ ပါရီ
ပရိသတ်တွေရဲ့ လုပ်ရပ်ကတော့
ဘယ်လိုမှကို လက်ခံနိုင်စရာ
မရှိပါဘူး။ ဘယ်သူ့ဖန်၊
ညာသူ့ဖန်တွေ လုပ်မနေနဲ့။
ဘယ်ဖက်မှမလိုက်ဘဲ
သမာသမတ်ကျကျတွေးရင်တောင်
အဖြူနဲ့အမည်း၊ အမှန်နဲ့အမှား
သဲကွဲနေတာပဲလေ။

၂၀၂၁ ဩဂုတ်လဆန်းတုန်းက
ပါရီမြို့မှာ သိန်းချီတဲ့ လူအုပ်ကြီးက
လူတယောက်ကို နှုတ်ဆက်မြင်တွေ့ခွင့်ရဖို့
နာရီပေါင်းများစွာ စောင့်ဆိုင်းနေတဲ့
မြင်ကွင်းကို ပြန်သတိရမိပါတယ်။
အခုတော့ အဲဒီလူကို
သိမ်ငယ်စရာဖြစ်အောင် သူတို့ပဲ
လုပ်ခဲ့ကြတယ်။ လီယိုဟာ
တောပြောင်းမှားတဲ့ ကျားတကောင်
ဖြစ်သွားတာလား…

ဒါပေမဲ့ သူလိုလူက
ဘယ်နေရာရောက်ရောက်
လင်းလက်နေမယ့်သူမျိုးပါ။
ကိုယ့်အရည်အချင်းနဲ့
မအပ်စပ်တဲ့ နေရာတခုကို
ရောက်သွားသလိုမျိုးလို့
ဆိုနိုင်မလား။ သေချာတာကတော့
ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး။

soccer88

Facebook Comments Box
Facebook Comment