တီကိုနှင့်ပွဲကို အိုလီဗာ ကြီးကြပ်မည်ဖြစ်၍ ဘိုင်ယန်ပရိသတ်များ ဒေါသထွက်နေ

အက်သလက်တီကိုနှင့် ကစားမည့် ချန်ပီယံလိဂ် အဖွင့်ပွဲတွင် အင်္ဂလန်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို ကွင်းလယ်ဒိုင်အဖြစ် ကြီးကြပ်ရန် တာဝန်ပေးခဲ့သည့် ယူအီးအက်ဖ်အေကို ဘိုင်ယန်မြူးနစ် ပရိသတ်များက ဒေါသူပုန်ထနေကြောင်း ဂျာမန်မီဒီယာများက ဖော်ပြသည်။

ဥရောပချန်ပီယံ ဘိုင်ယန်သည် ယခုရာသီ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် လာမည့် ဗုဒ္ဓဟူးညတွင် အက်သလက်တီကိုအား ဧည့်ခံကစားသွားမည်ဖြစ်ရာ အဆိုပါပွဲစဉ်ကို လတ်တလော ဝေဖန်ခံနေရသည့် အင်္ဂလန် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက တာဝန်ယူ ကြီးကြပ်သွားမည် ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် အိုလီဗာသည် ယခုတစ်ပတ် အဲဗာတန်နှင့် လီဗာပူးလ်တို့၏ မာဆေးဆိုက်ဒါဘီပွဲအား ကိုင်တွယ်ခဲ့ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်အပေါ် အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်က ဥပဒေပ ကစားမှုကို မည်သည့်ပြစ်ဒဏ်မှ မပေးဘဲ လျစ်လျူရှုခဲ့သောကြောင့် ဝေဖန်ခံနေရသည်။

အင်္ဂလန်လက်ရွေးစင် ပစ်ဖို့ဒ်၏ ခြေစုံပစ် ဖျက်ထုတ်မှုက ပင်နယ်တီပေးရမည့် ဖျက်ထုတ်မှုဖြစ်သော်လည်း အိုလီဗာက အဝါကတ်ပင် မပြခဲ့သလို ကျူးလွန်ခံရသည့် ဗန် ဒိုက်မှာမူ ကာလရှည် အနားယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ထိုသို့ ပူပူနွေးနွေး အမှားကျူးလွန်ထားသော အိုလီဗာက ၎င်းတို့အသင်း၏ ပွဲစဉ်အား ကိုင်တွယ်မည့်အပေါ် ဘိုင်ယန်ပရိသတ်များက ဒေါသထွက်နေကြပြီး တာဝန်ချပေးသော ယူအီးအက်ဖ်အေ ဒိုင်လူကြီးကော်မတီအား ဝေဖန်လျက်ရှိသည်။

ဘိုင်ယန်ပရိသတ်များက ကိုင်တွယ်လည်ပတ်နေသော ဝက်ဘ်ဆိုက်က “ကျေးဇူးပြုပြီး တဆိတ်လောက်? ဒါက ယူအီးအက်ဖ်အေရဲ့ဟာသတစ်ပုဒ်လား။ ဒီကောင်လေးက မာဆေးဆိုက်ဒါဘီကို ဆိုးဆိုးရွားရွားဖြစ်အောင် လုပ်ခဲ့တာလေ။ သူ့ကို ငါတို့နဲ့ဝေးဝေးမှာပဲ ထားစမ်းပါ” ဟု ရေးသားထားသည်။

အိုလီဗာသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်က ကစားသော ရီးရဲလ်နှင့် ဂျူဗင်တပ်စ်တို့၏ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒု-အကျော့ပွဲတွင် နာကျင်အချိန်ပိုရောက်မှ အိမ်ရှင်ရီးရဲလ်ကို ပင်နယ်တီကန်ခွင့်ပေးခဲ့သောကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ဖူးသည်။

ပင်နယ်တီပေးခဲ့ခြင်းအတွက် ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်က အိုလီဗာ၏မျက်နှာနား ကပ်အော်ခဲ့ရာ ၎င်းက အနီကတ်ပြကာ ထုတ်ပယ်ခဲ့သည်။ ထိုပင်နယ်တီအား ရော်နယ်ဒိုက ကန်သွင်းကာ ရီးရဲလ်က နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

Ref:Bild

Facebook Comments Box
Facebook Comment