တရားမျှတမှု မရှိသည့် ပင်နယ်တီဟု ကလော့ပ် အပြင်းအထန် ဝေဖန်

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်သည် ရှက်ဖီးလ်ယူနိုက်တက်ဘက်သို့ ပေးခဲ့သည့် ပင်နယ်တီမှာ တရားမျှတမှု မရှိဟု ပြောကြားလိုက်သည်။ လီဗာပူးသည် စနေနေ့တုန်းက ရှက်ဖီးလ်ယူနိုက်တက်အား ၂-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် နောက်က လိုက်ကစားကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အန်ဖီးလ်ပွဲစဉ်၌ ပွဲချိန် ၁၁ မိနစ်တွင်ပင် ဧရိယာအစပ်တွင် ဖာဘင်ဟိုက အိုလီမက်ဘရိုက်ကို ပြစ်ဒဏ်ကျူးလွန်မှုအား ဒိုင်လူကြီးက ပင်နယ်တီအဖြစ် ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းပင်နယ်တီကို ဘာဂီက အမှားအယွင်းမရှိ ကန်သွင်းကာ ရှက်ဖီးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့သည်။ သို့ရာတွင် လီဗာပူးသည် ဖာမီနို၏ အနီးကပ်ပိတ်သွင်းသည့် ဂိုးဖြင့် ပထမပိုင်းတွင်ပင် ချေပဂိုး ရခဲ့သည်။ ယင်းဂိုးမှာ ဖာမီနိုအတွက် ယခုရာသီတွင် ပထမဆုံးသွင်းယူသည့် ဂိုးလည်း ဖြစ်သည်။ လီဗာပူးအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ မာနေး၏ ဖြတ်တင်ဘောမှ ဂျိုတာက ခေါင်းတိုက် သွင်းယူခဲ့သည်။

ကလော့ပ်က “အဲဒီပင်နယ်တီက ပြစ်ဒဏ်ဘောတောင် မဟုတ်ပါဘူး။ ဒီတစ်ရာသီ တည်းမှာဘဲ အရမ်းကွဲပြားတဲ့ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ ကျွန်တော်တို့ တရားမျှတမှုမရှိ ဆုံးဖြတ်ခံနေရပါတယ်။ အခု နောက်ထပ် တစ်ကြိမ် ကြုံပြန်ပါပြီ”ဟု ပြောကြားသွားသည်။

ကွင်းလယ်ဒိုင်လူကြီး မိုက်ဒိန်းသည် အစောပိုင်းတုန်းက ယင်းဖြစ်ရပ်ကို ဖရီးကစ်အဖြစ်ပေးထားသော်လည်း VAR ဒိုင်၏ အကြံဉာဏ် ရယူပြီးနောက် ပင်နယ်တီအဖြစ် ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment