
တယ်လည်း ညှိုးရော်မြန်လှပါလား ခေတ်ဆွေးမင်းသားကြီးသစ်ပင်
ဟောဒါဟာ ပြီးဆုံးခြင်းက ခုတ်တင်လိုက်တဲ့ ဘောလုံးတစ်လုံးပါ။ မိုးကြိုးတစ်ထောင် ထိမှန်သွားတဲ့သစ်တောက ပထမဆုံးသစ်ပင်လည်းဖြစ်တယ်။ လူတွေလာပြီး ကြည့်ငေးနေကြတဲ့ ပြိုကျသွားရာကမ်းပါးက အနက်ဆုံး အကျယ်အဝန်းလည်းဖြစ်တယ်။
မြတ်စွာဘုရား.. တပည့်တော်ဟာ ဝဋ်ကြွေးကြီးလှပါတယ်။ အဲ့ဒါကို နောက်တစ်ကြိမ် သိခဲ့ရပါပြီ။ အရာရာဟာ နောက်ကျသွားပြီမဟုတ်သေးတောင် အဲ့ဒီမှာ တပည့်တော် ပိုကြာတော့မယ်ဆိုတာ နာကျင်ရိပ်မိခဲ့ရပါပြီ အရှင်ဘုရား..
ကျွန်တော်ဟာ မော်ရင်ဟိုဝင်စားတစ်ယောက်လို တနင်္ဂနွေညကို ထိစမ်းနေမိပါတယ်။ နံရံကိုခေါင်းနဲ့ပြေးတိုက်မိတယ်။ ပန်းထွက်လာတဲ့ သွေးများ၊ ခြားနားခဲ့ပြီဖြစ်သော အတိတ်မြက်ခင်းစိမ်းများ၊ နာမည်ခေါ်သံ ငါကြားတယ်များ။
သေချင်နေတဲ့ကားကို တက်မောင်းမိတယ်၊ လမ်းမှာ ဝင်တိုက်မိခဲ့တာ စပယ်ရှယ်ဝမ်း ကြောင်စာအရောင်းဆိုင်လား၊ ခေတ်ဆွေးမင်းသားကြီး သစ်ပင်တစ်ပင်လား၊ တကယ်လို့များ ကားဟာ ကားကိုပြန်ပြီး ဝါးမြိုလို့ရခဲ့ရင် ငါ့စကားနွားရ ပေါ်တူဂီသားတစ်ယောက် အရိုးတောင်
ကောက်လို့ရတော့မယ် မထင်ပါဘူး။

ကျွန်တော်ဟာ သူ့ဆီက ဘယ်လောက်တောင်များ မျှော်လင့်ထားမိလု့ိလဲ။ အဲ့ဒါလေး ပြန်ကြည့်ရပါမယ်။ အဲ့ဒါ ရှင်းဖို့လိုပါတယ်။ အကြီးကြီးမဟုတ်ပါဘူး။ ဒီရာသီမှာ တစ်ခုခုဖြစ်စေရမယ်ဆိုတဲ့ အလံကလေးတောင် မလွှင့်မိပါဘူး။
ဒါပေမဲ့ စပါးမှာ သူ မသုံးခဲ့ဖူးသေးတဲ့ စပါးကိုယ်ထည် ပြည့်ပြည့်နဲ့စပါးကို သူရမယ်ပေါ့။ ရာသီအဖွင့်ပွဲစဉ်တွေရဲ့မင်းတစ်ပါးလို့ မှတ်တမ်းများက ဆိုကြတဲ့အတိုင်း ဟော့ဒီမှာ အဲဗာတန်ကို အ နိုင်ရလိုက်မယ်ပေါ့။
စပါးဟာ ပွဲတော်နံ့တွေ ရမနေဘူး၊ ပြောင်ပြောင်လက်လက်တွေ ဝတ်ဆင်မထားဘူး။ ဒါပေမဲ့ သူပျံသန်းရမယ့်လေကြောင်းကို တစ်လက်မလေးတောင် အလွဲမခံနိုင်သူ ပိုင်းလော့တစ်ဦးရဲ့တိကျမှုမျိုးမှာ ဒီတစ်ရာသီလုံး ရှိလိမ့်မယ်ပေါ့။
အများကြီးမဟုတ်ပါဘူး။ ပိုချက်တီနို ရခဲ့တာလေးပဲ ပြန်ရပါရစေပေါ့။ ဟားဟား…အဲ့ဒီမှာ စလွဲပါတယ်။

ဒယ်လီအယ်လီဟာ ငရဲရဲ့စပယ်ယာတစ်ဦးမျှသာပဲ။ သူ့ကိုယုံစားပြီး စပါးတက်စီးခဲ့ရင် တိုက်ရိုက်ဒယ်အိုးပဲ။ သူ၊ ဆွန်၊ ပြီးတော့ အင်္ဂလန်ရဲ့မင်းခယောကျ်ား ကိန်း။
ဒီသုံးယောက်အတွဲဟာ ပြန်လာမယ်လို့ထင်မြင်နေတဲ့ သတင်းရုပ်ရှင်ဟာ မစရသေးဘူး၊ ပျက်ခဲ့တယ်။ ဆွန်ဟောင်မင်ဟာ ဒီပွဲမှာ အကောင်းဆုံးကစားသူ ဖြစ်နေခဲ့ရင်တောင် သူ့စိတ်ကြိုက် ပြေးလမ်းကျယ်ကျယ်၊ ကောင်တာစစ်စစ်တွေ အဲဗာတန်က ခွင့်မပြုခဲ့ပါဘူး။
လူးကပ်စ်မော်ရာဟာ ပွဲထွက်ကစားသမားအဖြစ်နဲ့ ဓာတ်မတည့်တော့သူ တစ်ရာ ရာခိုင်နှုန်းဖြစ်တယ်။ စပါးရဲ့အင်နီယေစတာလို့ခေါ်ကြတဲ့ ဟယ်ရီဝင့်ခ်ဟာ သူ မဖတ်နိုင်တဲ့စာအုပ်ထဲမှာ ကူးခပ်သူဖြစ်တယ်။
ဘန်ဒေးဗီးစ်က သိပ်ကို ပရိုဆန်သူတစ်ဦးပေါ့။ ဒါပေမဲ့ သူက ကန့်သတ်ခံနယ်မြေတစ်ခုလို မရွေ့လျားနိုင်၊ မရောက်ရှိနိုင်ခဲ့ပါဘူး။
မော်ရင်ဟိုဟာ သူ့အသင်းအတွက် ဖြည့်စွက်စာတချို့ ဝယ်ခဲ့တယ်။ အဲ့ဒါ မလုံလောက်သေး
မှန်းလည်း သိခဲ့တယ်။ ဒါပေမဲ့ ရှိရင်းစွဲပင်လယ်ကို သန်မာအောင်၊ စီးဆင်းအောင်၊ အရိုင်းဆန်အောင် သူ မလုပ်နိုင်ခဲ့ပါဘူး။

အသင်းက ဘာကစားကွက်မှမရှိခဲ့ဘူး၊ တောင်ပံက ဖြတ်တင်ဘောလေး တစ်ကြိမ်ထွက်ဖို့တောင် အဲ့ဒီနေရာကို မနည်းသွားနေရတယ်။
ကစားသမားတစ်ဦးချင်းဆီက အရိုးမှာကပ်နေတဲ့အားပါ ခြစ်ထုတ်ဖို့မပြောနဲ့။ သူတို့ အလွယ်တကူပြုလုပ်နေတဲ့ အားသာချက်တွေပါ ဆုံးရှုံးခံနေသူဖြစ်လာတယ်။ ပိုဆိုးတာက ဂွါဒီယိုလာကိုမှမဟုတ်ပါဘူး။ အန်ဆယ်လော့တီကိုလည်း ရှုံးပြန်တယ်။
ဂုဏ်သတင်းကြီးမားတဲ့ နည်းပြတွေနဲ့တွေ့ရင် သူ မော်ဖူးရတာတွေ များလာတယ်။ အန်ဆယ်လော့တီက ဂျိမ်းစ်ရိုဒရီဂွက်ဇ်တွေ၊ အယ်လန်တွေ၊ ဒိုကိုရေးတွေ အလွယ်တကူလုပ်နေချိန်မှာ တစ်ချိန်က လက်ညွှန်းညွှန်ရာ ဘယ်လို ကစားသမားမျိုးမဆို ပိုင်ဆိုင်နိုင်ခဲ့သူဟာ ဒိုဟာတီလောက်နဲ့ ကျေနပ်နေရတယ်။
တစ်ချိန်က သူရယ်ခဲ့တယ်၊ ဝံ့ကြွားခဲ့တယ်။ နိုင်ထက်စီးနင်းရှိခဲ့တယ်၊ ငါတကော ကောခဲ့တယ်။
ကြည့်စမ်း..`တပည့်တော်ဝဋ်ကြွေးတွေ ဘယ်တော့များ ကုန်ဆုံးမှာပါလိမ့်ဘုရား´ဆိုတဲ့အသံ ရန်ကုန်ကတောင် ကြားနေရပါရောလား..
📰 Nကြယ်မင်း