
တပ်ဖ်မောမှာ ဖိအား သက်ရောက်မှုကို အရင်ဆုံး ရှင်းထုတ်ရမယ့် ယူနိုက်တက်
ထွန်းထွန်းဦး(လှိုင်)
ဒီခရီး နီးသလား …
အခွင့်အရေးက ကိုယ့်လက်ထဲမှာဆိုပေမယ့် အခြေအနေက အမျိုးမျိုးဖြစ်နိုင်သေးတယ်။
ဒီနေ့ စင်ပေါ် မှာရောက်နေပေမယ့် နောက်တစ်နေ့ မိနစ် ၉၀ ဖြတ်သန်းပြီးရင် လိုရာမရောက်ဘဲနဲ့ မျှော်လင့်ချက်တွေ တန့်သွားတာမျိုး၊ ဒါမှမဟုတ် အောက်ကို ထိုးစိုက်သွားတာမျိုး မကြာခဏ မြင်နေရတော့ ဘယ်လိုမျိုးမဆို ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုအတွက် ဇယားထိပ်ဆုံးမှာ နေရာလု ရပ်တည်ခွင့်ကို အကြိတ်အနယ် ယှဉ်ပြိုင်နေကြပုံဟာ သိပ်ပြီး စိတ်လှုပ်ရှားစရာပါပဲ။
အခု ရမှတ်တူ နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လက်စတာရဲ့ဖိအားပေးမှုကို အနီးကပ်ဆုံးခံနေရ ပြီး အဆင့် ၄ စပါးစ်ကနေ အဆင့် ၇ အဲဗာတန်အထိလည်း ဖိအားသက်ရောက်မှုတွေက ရှိနေတုန်းဆိုတာ အားလုံးသိပြီးဖြစ်မယ်။
လီဗာပူးဟာ လက်ထဲမှာ ရမှတ်တွေကို ၂ ပွဲစာလောက် ဖြတ်ချထားနိုင်ပေမယ့် ရလဒ်ဆိုးဝါးမှုဒဏ်ကို အခြားအသင်းတွေနည်းတူ ခံခဲ့ရတာကြောင့် ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲ ရလဒ်နဲ့ အမှတ်ပဲ့တဲ့ အခြေအနေကို ကြုံခဲ့အပြီးမှာ ယူနိုက်တက်နဲ့ ရမှတ်တူအနေအထားကို ဆိုက်ရောက်သွားတော့တာပါပဲ။

ယူနိုက်တက်ကတော့ ပရီးမီးယား နောက်ဆုံး ၄ ပွဲမှာ လက်စတာနဲ့ သရေကျပြီး လိဒ်စ်၊ ဝုလ်ဖ်နဲ့ ဗီလာကိုနိုင်လို့ အခြေအနေမဆိုးခဲ့ဘူး။
ပြီးတော့ တစ်ပွဲလျော့အနေအထားလည်း ဖြစ်နေပါတယ်။
လီဗာပူးကို ကျော်တက်နိုင်မယ့်အခွင့်အရေးကို ဘန်လေနဲ့ ကစားရမယ့်ပွဲမှာ ရယူနိုင်မလား။
ပွဲကျန်ဖြစ်တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၁ အဖြစ် ဒီညမှာ ယှဉ်ပြိုင်ရမယ်။
ပြီးရင် လီဗာပူးနဲ့ အဝေးကွင်းမှာ ဆက်ပြီးဆင်နွဲှရမယ့်ပွဲကလည်း ရှိနေသေးတယ်။
ပွဲတွေဆက်နေတာကြောင့် ကိုယ့်အခွင့်အရေးကို ဘန်လေနဲ့ပွဲမှာ ရယူနိုင်မလား၊ မယူနိုင်ဘူးလားဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာပါတယ်။
တကယ်ဆိုရင် ယူနိုက်တက်အတွက် ပွဲကျပ်တယ်။
ဘန်လေက အသင်းကြီးတွေကို အခုအချိန်အထိ အသာရထားတာဆိုလို့ ပွဲစဉ် ၁၂ မှာ အာဆင်နယ် တစ်သင်းတည်းသာ ရှိသေးတယ်။
အဝေးကွင်းမှာ ဝ-၁ နဲ့ နိုင်ထားခဲ့တဲ့ ပွဲကလွဲရင် ကျန်အသင်းကြီးတွေကို တစ်ခါမှ အနိုင်မယူနိုင်ခဲ့သေးဘူး။

ရပ်တည်မှုကလည်း အရေးပါနေတာဆိုတော့ ဘန်လေအဖို့ ယူနိုက်တက်နဲ့ အတွေ့မှာ ပြိုင်ဘက်အသင်း လိုချင်တာကို လွယ်လွယ်နဲ့ ပေးလိမ့်မယ်မထင်မိဘူး ယူဆတယ်။
ယူနိုက်တက်အတွက်တော့ ပွဲကျပ်တဲ့ ပွဲတစ်ပွဲထက် ပိုနေလိမ့်မယ်။
မနှစ်တုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ဘန်လေက ဝ-၂ နဲ့ ဆော်ထားတယ်။
ဒီအစိုင်အခဲလေးက ယူနိုက်တက်အတွက် ဆူးစူးနေမလားဆိုတာ ကြည့်ရမယ်။
ယူနိုက်တက်အတွက်တော့ လုံးဝလျှော့မတွက်သင့်တဲ့ပွဲထက် ပိုတယ်။
ဒီပွဲမှာ ယူနိုက်တက်ဟာ ဘန်လေကို ဖိအားပေး အသာစီးယူနိုင်မယ်၊ အမှတ်ပြည့်လည်း ထိမိအောင်လုပ်နိုင်မယ်ဆိုရင် လီဗာပူးနဲ့ ကစားရမယ့်ပွဲအတွက် အမှတ်တွေကို ခုသာခံသာ လုပ်ထားနိုင်မယ့် အခြေအနေကို ပြင်ဆင်ထားပြီးလို့တောင် ဆိုနိုင်တယ်။
ဖိအားကိုရှောင်ထွက်ဖို့ ယူနိုက်တက်ဟာ ဘန်လေကို အဝေးကွင်းမှာ အနိုင်ကစားထားမှ ဖြစ်မှာပါ။
ယူနိုက်တက်အနေနဲ့ ဘန်လေကို အဝေးကွင်းမှာ နောက်ဆုံး ၃ ကြိမ်ဆုံတော့ ပေးဂိုးမရှိ အနေအထားနဲ့ ပွဲတိုင်းအနိုင်ရထားတယ်။

ဒါပေမဲ့ အဲ့ဒါက ပြီးခဲ့တဲ့ အတိတ်ဖြစ်တယ်။ ကိုဗစ်ကာလမှာ ယူနိုက်တက်အနေနဲ့ လက်ရှိနေအထားကို အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်ပြဖို့ လိုတယ်။
နှစ်သင်းစလုံး ကြားမှာ အက်ဖ်အေဖလားပွဲ နွှဲထားတယ်။ ပွဲပန်းတဲ့ဒဏ်ကိုယ်စီခံရနိုင်တယ်။
ဘန်လေက ပင်နယ်တီအထိ ရောက်ခဲ့တာဆိုတော့ ယူနိုက်တက်ထက် ပိုပန်းမယ်။
ကစားသမားအင်အားကလည်း အရံတွေကိုတောင် ထုတ်မသုံးဘဲနဲ့ ရှိတဲ့ပွဲထွက် ၁၁ ယောက် အကုန်လုံးနီးပါးသုံးထားတော့ ယူနိုက်တက်နဲ့ ရင်ဆိုင်အတွေ့မှာ ဘာတွေဖြစ်လာနိုင်မလဲ၊ အိမ်ရှင်လည်းဖြစ်နေတာကြောင့် ယူနိုက်တက်ကို ဘန်လေအဖို့ မာန်တင်းပြီး ဘယ်လောက်အထိ ထိုးနှက်ပြမလဲ။

ယူနိုက်တက်အနေနဲ့ တစ်ပတ်အတွင်းမှာ ၂ ပွဲဆက်ကစားတာ အခြားအသင်းတွေလိုမျိုး ရိုးနေပြီဖြစ်တယ်။
ဒါပေမဲ့ ကစားသမားကောင်းတွေ အနားရထားတော့ ဒီပွဲကို တင်ပြီး အားစိုက်လိမ့်မယ်။
လီဗာပူးနဲ့ပွဲအထိကို ဆိုးရှား ချိန်ဆထားလောက်မယ် ထင်တယ်။
လီဗာပူးကတော့ အေးအေးလူလူနဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ စောင့်နေတယ်။
ကြားပွဲလည်းမရှိဘူး။ အနားကောင်းကောင်းရထားတယ်။
ဒီတော့ ယူနိုက်တက်အတွက် တစ်ပွဲလျော့ အသာစီးရနေတဲ့ အနေအထားကို ပွဲကျပ်တဲ့အထဲကနေ ဆွဲထုတ်ယူပြနိုင်မလား။
ယူပြနိုင်မယ်ဆိုရင် လီဗာပူးနဲ့ပွဲမှာ ဖိအားတွေရဲ့သက်ရောက်မှုဟာ လိုအပ်တာထက် စိတ်တွေကို ဖော့ထားပြီး အမှားလေးတွေရှိခဲ့ရင်တောင် ဖြတ်သန်းဖို့ ရှိနေလိမ့်မယ်။
ဒီလိုမှမဟုတ်ဘဲနဲ့ ဘန်လေနဲ့ပွဲမှာ အိမ်ရှင်ရဲ့မထင်မှတ်ထားတဲ့ စပရိုက်တိုက်တာ ခံရခဲ့မယ်ဆိုရင် ယူနိုက်တက်အတွက်တော့ နောက်တစ်ပွဲ ပိုခက်ပြီး ပိုကျပ်သွားပြီ။
ဟုတ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း အန်ဖီးလ်မှာ လီဗာပူးနဲ့ ကစားရမယ့်ပွဲက အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် နေရာလုတိုက်ပွဲဆိုတာကြီးက သက်ရောက်ခြင်းဖိအားတွေ ပိုကြီးမားနေလိမ့်မယ်လို့ မြင်မိတယ်။
ပြီးတော့ ဘေးက လိုက်ဖိအားပေးနေတဲ့ အခြားအသင်းတွေကလည်း ရှိနေတော့ ယူနိုက်တက်အတွက် ဖိအားလွတ်မယ့် ထွက်ပေါက်ကောင်းတစ်ခုကို ရှာထားဖို့ သိပ်အရေးကြီးတယ်။
လက်ရှိနေအထားကလည်း သိတဲ့အတိုင်း ကောင်းတစ်ခါ ဆိုးတစ်လှည့် မဟုတ်ပေမယ့်လည်း ပရိသတ်အကြိုက် စွဲနင့်နေအောင် လုပ်နိုင်စွမ်းတွေက မရှိသေးတာကြောင့် မန်စီးတီးနဲ့ပွဲတုန်းက ခြေစွမ်းတွေလို မဖြစ်ဖို့တော့ ဘန်လေနဲ့ပွဲမှာ လိုအပ်တယ်ဆိုတာပါပဲ။
ဒ့ါကြောင့်လည်း လီဗာပူးနဲ့ မတွေ့ခင်စပ်ကြားမှာ ဘန်လေနဲ့ အရင်ဆုံးလာတွေ့တဲ့ ယူနိုက်တက်အဖို့ ဖိအားအောက်ကနေပြီး ဘယ်လို ရုန်းထွက်ပြမလဲဆိုတာ မျှော်ဖြစ်တယ်ဆိုပါတော့ …