တစ်ပတ် ပေါင် ၂ သိန်းကျော်နဲ့ ကာဗာနီကို ခေါ်မယ့် ယူနိုက်တက်

နွေရာသီ အပြောင်းအရွှေ့ပိတ်သိမ်းရန် ၂ ရက်သာ လိုတော့ချိန်တွင် မန်ချက်စတာ ယူနိုက်တက်သည် အံ့အား သင့်ဖွယ် လုပ်ရပ်အဖြစ် ကလပ်လက်မဲ့ ဖြစ်နေသော ဥရုဂွေး ဝါရင့်တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီကို တစ်ပတ်လစာ ပေါင် ၂၁၀၀၀၀ ဖြင့် ခေါ်ယူရန် ကြိုးစားနေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

အသက် ၃၃ နှစ်အရွယ် ကာဗာနီသည် ပီအက်စ်ဂျီတွင် ၇ ရာသီကြာ ဖြတ်သန်းပြီးနောက် ယခုနှစ် ဇွန်လအတွင်း ပါရီအခြေစိုက်ကလပ်မှ ထွက်ခွာလာသူဖြစ်သည်။

၎င်းသည် ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၃၀၁ ပွဲတွင် ဂိုး ၂၀၀ သွင်းကာ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို ဥရုဂွေးအတွက်လည်း ၁၁၆ ပွဲတွင် ဂိုး ၅၀ သွင်းယူထားသည်။

ပါလာမို၊ နာပိုလီတို့တွင်လည်း ဂိုးသွင်းစွမ်းရည် ပြသခဲ့သော ကာဗာနီကို ခေါ်ယူချင်သော ကလပ်များအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သော်လည်း ၎င်း၏ လုပ်ခလစာက မြင့်မားသောကြောင့် အခက်တွေ့ဖွယ် ရှိနေသည်။

ယူနိုက်တက်သည် ယခုနွေဈေးကွက်အတွင်း ဗန်ဒီဘိခ် တစ်ဦးတည်းကိုသာ ခေါ်ယူထားခြင်းကြောင့် ဝေဖန်ခံနေရပြီး တိုက်စစ်အင်အားဖြည့်ရန် ဆန်ချို၊ ဒမ်ဘီလီတို့ကို ခေါ်မည်ဟု သတင်းထွက်နေသော်လည်း အကောင်အထည် ပေါ်မလာသေးပေ။

ထို့ကြောင့် နည်းပြဆိုးလ်ရှားသည် အသင်းအတွက် ငွေကုန်ကြေးကျမရှိသလို အားကစားပိုင်းအတွက်လည်း အထောက်အကူပြုနိုင်မည့် ကာဗာနီကို ၎င်း ပီအက်စ်ဂျီတွင်ကစားစဉ် ရရှိသည့် တစ်ပတ်လစာ ပေါင် ၂၁၀၀၀၀ ပေး၍ ခေါ်ယူရန် စီစဉ်ထားသည်။

ကာဗာနီကို အက်သလက်တီကို၊ ဘင်ဖီကာ၊ အင်တာမိုင်ယာမီတို့ကလည်း စိတ်ဝင်စားနေပြီး ယူနိုက်တက်အနေဖြင့် ဒေးဗစ်မိုယက်စ်လက်ထက် ၂၀၁၄ ခုနှစ်အတွင်း ၎င်းကို ခေါ်ယူရန် ကြိုးစားခဲ့သေးသည်။

ယူနိုက်တက်သည် ကာဗာနီ၏အေးဂျင့်နှင့် ဆွေးနွေးနေပြီး ၎င်းသည် လာမည့်နာရီပိုင်းအတွင်း မန်ချက်စတာသို့ လေကြောင်းခရီးဖြင့် ရောက်လာဖွယ်ရှိနေသည်။

Ref:dailymail

Facebook Comments Box
Facebook Comment