တစ်ပတ်စာ အတွေးအမြင် ကော်လက်ရှင်

နိဒါန်း သို့မဟုတ် အကြောင်းပြချက်

မောင်ဖိုးကွန့်

ကျွန်တော် ဒီpage အတွက် ရေးပေးနေတာ (၃)လနီးပါးလောက် ရှိနေပါပြီ။ ရေးခဲ့သမျှတွေကို ပြန်ဖတ်ကြည့်တဲ့အခါမှာ လိုအပ်ချက်တွေ အများကြီးရှိနေတာ တွေ့ရတယ်။

ဘာအားနည်းချက်ရှိမလဲလို့ အဖြေရှာစဉ်းစားတော့ အဖြေတစ်ခုရတယ်။ အဲဒါကတော့ တင်ပြတဲ့အကြောင်းအရာက ထိရောက်မှုမရှိတာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတာကို အဖြေထပ်ရှာတော့ အတွေးများနေတာလို့ သုံးသပ်မိတယ်။

ဟုတ်ပါတယ်။ ဒီကိုဗစ်ကာလမှာ ဘောလုံးပွဲကလွဲပြီး တခြား ဘာမှမတွေးဖြစ်တော့ အကြောင်းအရာတစ်ခုတည်းကို အာရုံစိုက်တွေးရင် အတွေးလွန်သွားတာမျိုး ဖြစ်တတ်တယ်။

အဲဒီမှာ စာရေးဖို့တည်တဲ့ အကြောင်းအရာတစ်ခုတည်းကို ပြန်ပြီးချရေးတဲ့ အခါမှာ ပေးချင်တဲ့အကြောင်းအရာက များပြီး လိုရင်းကို ထိထိရောက် ရောက် မသွားတာမျိုး များနေတယ်လို့ ကိုယ့်စာတွေကို ပြန်သုံးသပ်မိပါတယ်။

ဒါကို ဘယ်လိုပြင်ဆင်မလဲလို့ စဉ်းစားတဲ့အခါမှာ အကြောင်းအရာတစ်ခုတည်းကို သွားတာမျိုးမဟုတ်ဘဲ အကြောင်းအရာ(၂-၃)ခုလောက်ကို တိုတိုနဲ့ ထိထိရောက်ရောက်ရေးတာက စာဖတ်သူတွေအတွက် ပိုထိရောက်မယ်ဆိုတဲ့ Presentation ကို စဉ်းစားမိပြီး ‘တစ်ပတ်စာ အတွေးအမြင် ကော်လက်ရှင်’ ဆိုတဲ့အကြောင်းအရာကို ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေညက ကြိုးကြာ

ဒီတစ်ပတ် EPL ရဲ့ ပွဲအများစု ကစားခဲ့တဲ့ စနေ-တနင်္ဂနွေ မရောက်ခင်ကတည်းက တော်တော်မျှော်နေခဲ့မိတာပါ။ စနေနေ့က စပါး-မန်စီးတီး ပွဲကတော့ ကြည့်ရတာ တော်တော်အရသာရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ပေမယ့် လိုင်းပေါ်က ဆရာကြီး/ဆရာလေးတွေရဲ့ သုံးသပ်ချက်တွေက ပြည့်စုံနေပြီဖြစ်တော့ မရေးဘဲ ချန်ထားခဲ့ပါတော့မယ်။

စနေညရဲ့ Big Match က ရသပိုင်းရော နည်းစနစ်ပိုင်းပါ ပြောစရာရှိခဲ့သလို တနင်္ဂနွေညရဲ့ Big Match ကလည်း ဒီလိုဖြစ်ခဲ့တာပဲလေ။ လီဗာပူးနဲ့ လက်စတာပွဲပေါ့။

ပွဲမတိုင်ခင် Background ကတော့ လက်စတာက ပွဲစဉ်(၅)မှာ ဗီလာကို ရှုံးပြီးကတည်းက ပြိုင်ပွဲစုံ (၆)ပွဲဆက်နိုင်ထားတယ်။ သွင်းဂိုး (၁၅)ဂိုး၊ ပေးဂိုး (၂)ဂိုးနဲ့ Clean Sheet (၄)ပွဲဆိုတဲ့ အခြေအနေက လက်စတာရဲ့အကောင်းဆုံးပုံစံမှာ ရှိနေတာကို ပြနေခဲ့ပါတယ်။

တစ်ဖက်က လက်ရှိချန်ပီယံ လီဗာပူးကရော။ ပွဲစဉ်(၄)မှာ ဗီလာကို အရှက်တကွဲရှုံး၊ အဲဗာတန်နဲ့သရေကျ၊ အဲဒီနောက်ပိုင်း လီဗာပူးက (၆)ပွဲမှာ (၅)ပွဲနိုင်၊ (၁)ပွဲသရေဆိုပေမယ့် ပွဲတိုင်းကို ကပ်နိုင်ထားတဲ့ အနေအထား။

အဲဒီထက်ပိုဆိုးတာက injury ကစားသမားပြဿနာ၊ သူ့အသင်းက အမာခံပွဲထွက်အဆင့် ကစားသမား (၁၁)ယောက်ထဲမှာ (၆)ယောက်က ဒဏ်ရာရနေတယ်။

အထူးသဖြင့် ခံစစ်။ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ အာနိုး ဆိုတဲ့ ပုံမှန်ပွဲထွက်ကစားသမားတွေ မပါနိုင်သလို ခြေစွမ်းလေးတက်လာလို့ အားကိုးမယ်ကြံထားတဲ့ ဝီလျံပါ နာသွားတယ်။

ပြောရရင် လီဗာပူးမှာ ကျွန်တော်တို့ သိထားမြင်ထားတဲ့ လူစာရင်းထဲက နာနေတဲ့လူတွေ ဖယ်လိုက်ရင် ပွဲထွက် (၁၁)ယောက်တောင် ဆွဲထုတ်ဖို့ခက်နေတဲ့ အနေအထား။

စိတ်ဝင်စားစရာကောင်းတဲ့ အနေအထားဖြစ်ပြီး ပွဲကလည်း ကောင်းခဲ့တာပဲ။ ဒါပေမဲ့ ရလဒ်ကတော့ အရမ်းကောင်းနေပါတယ်ဆိုတဲ့ လက်စတာ ဘာမှလုပ်ချိန်မရလိုက်ဘဲ လီဗာပူးက (၃-ဝ)နဲ့နိုင်သွားတယ်။

ဒါတောင် ဖာမီနို တိုင်ထိတာ (၂)လုံးမို့ (၃-ဝ)နဲ့ ရပ်တာလို့ပြောရမှာပဲ။

အင်္ဂါနေ့ညက သရဲနီ

နောက်အင်္ဂါနေ့ညကျတော့ ချန်ပီယံလိဂ်တွေ ပြန်လာပြီဆိုတော့ နေ့လယ်ပိုင်းကြိုအိပ် ည ၂း၃၀ ပွဲကို အားကြိုးမာန်တက် ကြည့်ပေါ့။ အင်္ဂါညမှာ ကြည့်ဖြစ်တာ အစောပွဲ ချယ်ဆီးနဲ့ ရင်းနက်စ်က ပြောစရာသိပ်မရှိခဲ့ဘူး။

ယူနိုက်တက်နဲ့ အစ္စတန်ဘူ ပွဲမှာတော့ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်နေတဲ့ ဗန်ဒါဘိခ်နဲ့ ကာဗာနီ ပွဲထွက်စာရင်းမှာ ပါခဲ့တယ်။ အိုလေဟာ ချန်ပီယံလိဂ်မှာ အကွက်ဆန်းတွေ ထုတ်တတ်တဲ့ အစဉ်အလာအတိုင်း တိုက်စစ်မှာ (၂)ယောက်ထားတဲ့ ၄-၁-၁-၂-၂ ပုံစံ ခင်းလာခဲ့တယ်။

pivot နေရာမှာ ဖရက်တစ်ယောက်တည်းထားပြီး ဗန်ဒါဘိခ်က #8 role အဲဒီရှေ့က ဘရူနိုနဲ့ ရက်ရ်ှဖို့ဒ်ရှိနေပြီး ရက်ရ်ှဖို့ဒ်က wide ကစားသွားတယ်။

တိုက်စစ်မှာတော့ ကာဗာနီသာ အတက်အဆင်းလုပ်နေတာ တွေ့ရပြီး မာရှယ်ကတော့ ဘယ်ပျောက်နေလဲဆိုတာတောင် တော်တော်ရှာယူရတယ်။

ထားတော့ ဆိုလိုချင်တာက အိုလေအခင်းအကျင်းက အလုပ်ဖြစ်တဲ့ အခင်းအကျင်းလို့ ဆိုရမှာဖြစ်ပြီး EPL မှာ Line up မရတဲ့ ကာဗာနီရော၊ ဗန်ဒါဘိခ်ရော တော်တော်အံဝင်ခွင်ကျဖြစ်ပြီး အသင်းကို အကျိုးပြုခဲ့တယ်။

ဒီဖြစ်စဉ်နှစ်ခုမှာ ဆက်စပ်ပြီးတွေးစရာတွေ အများကြီးရှိနေတယ်။ ပထမလီဗာပူးအကြောင်းပြောရရင် နည်းပြကလော့ပ်က သူသွားရမယ့်လမ်းကို သူကောင်းကောင်းသိသလို သူ့ကစားသမားတွေဆီက ဘယ်ကစားသမားကို ဘယ်လိုပုံသွင်းရမလဲဆိုတာ ကောင်းကောင်းနားလည်တယ်။

တကယ်ဆိုရင် လက်စတာပွဲမတိုင်ခင် သူ့လူစာရင်းက လက်စတာကို နိုင်ဖို့ တော်တော်ခက်တယ်လို့ အားလုံးကြိုတွေးခဲ့တယ်။ ဘွတ်ကီတွေကတောင် လီဗာပူးကို အနိုင်မပေးထားတဲ့ အကြောပေးမှုတွေ တွေ့ရတယ်။

ဒါပေမဲ့ လီဗာပူးနည်းပြ ကလော့ပ်က သူ့အခက်အခဲတွေအတွက် ဖြေရှင်း ဖို့ အကောင်းဆုံးနည်းလမ်းကို ချပေးခဲ့ပြီး သူ့ကစားသမားတွေကလည်း နည်းပြလိုချင်သလောက် လုပ်ပြနိုင်ခဲ့တယ်။

တကယ်တော့ ဒါဟာ နည်းပြကောင်းတစ်ယောက်မှာ မရှိမဖြစ်ရှိရမယ့် အရည်အသွေးဖြစ်ပြီး လူမစုံလို့၊ ပွဲပန်းလို့၊ ကစားသမားစိတ်ကောက်လို့ ဆိုတာ မျိုးက ရလဒ်အတွက် ဆင်ခြေပေးလို့မရပါဘူး။

အဲဒီအခြေအနေကမှ အကောင်းဆုံးကို ပြန်ထုတ်ပြီးသုံးဖို့ရယ် အစီအစဉ်မကျတာတွေကို စနစ်တကျလုပ်ဖို့ရယ် တာဝန်တွေက နည်းပြရဲ့အဓိကတာဝန်တွေ မဟုတ်လား။

နောက် ဒါနဲ့ဆက်စပ်စဉ်းစားလို့ရတာက ယူနိုက်တက်နဲ့ အိုလေ . . .

ပထမအကျော့တုန်းက အစ္စတန်ဘူမှာ ရှုံးခဲ့သလို အရှက်လည်း ကွဲခဲ့ရတယ်။ ဒီပွဲမှာတော့ ပြိုင်ဘက်အသင်းရဲ့အားနည်းချက် အားသာချက်တွေကို သေချာပြင်ဆင် ကစားသွားခဲ့သလို ဒီပွဲအတွက် သီးသန့်ပြင်ဆင်ခဲ့တယ်ဆိုတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။

ဒီလိုအခြေအနေက သူတို့ ချန်ပီယံလိဂ်အုပ်စုအဖွင့်မှာ PSG ကိုနိုင်တုန်းက အခြေအနေနဲ့ သွားဆင်နေတယ်။

ဒါပေမဲ့ PSG ပွဲအပြီး EPL ပြန်ကစားတဲ့အခါမှာတော့ အသင်းအတွက် ပုံစံတကျမဖြစ်တဲ့ 4-2-3-1 နဲ့ Double Pivot နဲ့ အထောင်တိုက်စစ်က မာရှယ်နဲ့ ပြန်ဖြစ်သွားပြီး မော်ရင်ဟိုက ဆုံးမတာခံခဲ့ရတယ် မဟုတ်လား။

အဲဒါလည်း အပြောင်းအလဲမလုပ်ဘဲ သူ့အသင်းမှာ Right Wing မရှိတာကိုပဲ ခိုညည်းသလိုညည်းပြီး ကံကောင်းရင်နိုင်မယ် ကံမကောင်းရင်ရှုံးမယ်ဆိုတဲ့ အနေအထားနဲ့ ထိုင်ကြည့်နေခဲ့တာ။

အသင်းအတွက် ပေးဆပ်ချင်တဲ့ ဗန်ဒါဘိခ်တို၊့ ကာဗာနီတို့က ပေါ့ဂ်ဘာတို့၊ မာရှယ်တို့ ကစားတာ ထိုင်ကြည့်နေရတာက ကစားသမားတွေရဲ့အရည်အသွေးအသုံးချမှု အားနည်းတာ အရမ်းပေါ်လွင်နေတယ်။

သူ့အကြောင်းပြချက်က တည်ထားတဲ့ 4-2-3-1 မှာ နေရာပေးစရာ မရှိလို့တဲ့လား . . .ဒါဆိုရင် နေရာပေးလို့ရတဲ့ နည်းစနစ်ကို ကြံဆောင်ရမှာ သူ့တာဝန်လေ။

ဒီလို လိုက်လျောညီထွေဖြစ်ပြီး အသင်းရလဒ်ကို အပေါင်းလက္ခဏာပြစေမယ့် အခြေအနေကို မလုပ်ပြနိုင်ရင်တော့ အိုလေအနေနဲ့ EPL မှာ အရည်အချင်းမီတဲ့ နည်းပြအဖြစ်ဆက်ရှိနေဖို့မဖြစ်နိုင်တော့ဘူး။

ကံကြမ္မာဆိုတာ ဓားတစ်လက်ဖြစ်ခဲ့ရင်

ကျွန်တော် အခုပြောခဲ့တဲ့ ဘောလုံးပွဲ(၂)ပွဲမှာ ဆက်စပ်ပြီးတွေးလို့ရတဲ့ အကြောင်းအရာတွေ အများကြီးရှိပြီး အဲဒီထဲက နောက်ဆုံးတစ်ချက်ကို နိဂုံးချုပ်အနေနဲ့ ပြောချင်ပါတယ်။

ဘောလုံးပွဲမှမဟုတ်ဘူး ကဏ္ဍအသီးသီးမှာ အမြဲတမ်း အဆင်တပြေ ခရီးဆက်နေရတာမဟုတ်ဘဲ တစ်ချိန်မဟုတ် တစ်ချိန်မှာ အခက်အခဲတွေဆိုတာ ရင်ဆိုင်ရတာ သဘာဝပါပဲ။

ဒီလိုအခက်အခဲတွေကြုံတဲ့အချိန်မှာ ဘယ်လိုဖြေရှင်းမလဲဆိုတာကမှ အရည်အသွေးဖြစ်ပါတယ်။ ကျွန်တော် အရမ်းကြိုက်ပြီး စာတွေထဲမှာလည်း မကြာခဏ ပြန်ဝေမျှလေ့ရှိတဲ့ အတွေးအခေါ်တစ်ခု ရှိပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာတာရာမင်းဝေရဲ့ ‘အရှေ့မြို့ရိုး … ‘ ထဲက အတွေးအခေါ်ပါ။

‘ကံကြမ္မာဆိုတာက ဓားတစ်လက်လိုပဲ ကိုယ့်ဆီကို ပုံစံအမျိုးမျိုးနဲ့ တိုးဝင်လာမှာပဲ… ဒါကို လက်ခံတဲ့အခါမှာ ဓားရိုးဖက်ကလာရင် အလွယ်တကူ ဖမ်းယူလို့ရပေမယ့် အသွားဖက်က လာတဲ့အခါမှာတော့ ဖမ်းယူရင် ကိုယ့်ကိုထိခိုက်မှာပဲ။ ဒီတော့ အသွားဖက်ကလာတဲ့ဓားကို ပတ်ပြီးအရိုးဖက်က ပြန်လှည့်ယူရမယ် ‘(စာအပြည့်အစုံက ရှည်တော့ မမှတ်မိတော့လို့ မှတ်မိတဲ့အတိုင်း ပြန်ရေးထားတာပါ)။

ဟုတ်ပါတယ် ကျွန်တော်တို့တွေ ဖြတ်သန်းနေရတဲ့ဘဝမှာ ကြုံလာတဲ့အဖြစ်အပျက်တွေ အနိမ့်အမြင့်တွေကို ကောင်းတဲ့ဖက်က ဒါမှမဟုတ် အကျိုးသက်ရောက်မှုရှိတဲ့ဖက်က ရင်ဆိုင်မှပဲ အသက်ရှင်ခွင့်ရတဲ့ အချိန်ခဏ လေးကို အောင်မြင်မှုတွေနဲ့ ကျော်ဖြတ်နိုင်မယ် မဟုတ်လား . . .

Facebook Comments Box
Facebook Comment