တစ်ခါလာလည်း ကူလီဘာလီ နောက်တစ်ကြိမ်လည်း အူပါမီကာနို

N Kyal Minn

ကမ္ဘာကြီးဟာ လုံလောက်တဲ့ ကာကွယ်ရေးစရိတ်နဲ့ ပြတ်တောက်နေရပြီလား စဉ်းစားမိပါတယ်။ ကယ်သူမဲ့နေတဲ့ မျက်ဝန်းတွေ၊ နိုင်ထက်စီးနင်းဗုံးကွဲသံတွေ၊ ငါ့မြင်းငါစိုင်း မြေမြှုပ်မိုင်းတွေ၊ တစ်ယောက်ကိုတစ်ယောက် နွေးထွေးဖို့တောင် ခက်ခဲလာတဲ့ လူနေမှုစနစ်တွေ၊ ဘရိတ်မပါဘဲ မောင်းနေတဲ့ ပြောရေးဆိုခွင့်ရ ကားတွေ စသည်ဖြင့် လူဟာ ရိုးသားနေရုံနဲ့ မပြီးတော့ဘူးဆိုတဲ့ အတွေးကို ဖြစ်ပေါ်စေလျက်ရှိပါတယ်။

အဲ့ဒီက လွတ်မြောက်ဖို့ကာကွယ်ရေးစရိတ်ကို ကျွန်တော်တို့ ဘယ်ကများထုတ်ယူနိုင်ပါ့မလဲ။ ကျွန်တော်တို့ဟာ ဘဝကို ခံစစ်ကစားနေရရင်း ခံစစ်ဆိုတဲ့အသံကို မကြားလို မမြင်လို ဖြစ်လာပါတယ်။

မန်ယူမှာ မက်ဂွိုင်းယား နာဖျားလျက် ရှိနေပါတယ်။ ပထမပြဿနာက ရှင်းပါတယ်။ သူနဲ့တွဲပြီး ဘယ်သူ့ကို ပွဲထုတ်ရမလဲပဲ စဉ်းစားနေကြရတာပါ။

ဘိုင်လီလား၊ လင်ဒီလော့ဖ်လား။ နှစ်ယောက်လုံးဟာ ပေးဆပ်လိုစိတ် အပြည့်ရှိကြပေမယ့် နှစ်ယောက်လုံးဟာ တကယ့်တိုက်ပွဲနဲ့တွေ့လာရင် ခဲတစ်စလွတ်နေတတ်မြဲပါ။

အဲ့ဒီမှာ မအောင်မမြင်ရှိခဲ့ရာက အခုတော့ ကပ္ပတိန် မက်ဂွိုင်းယားကိုယ်တိုင် အပြစ်နဲ့ မကင်းသလိုဖြစ်ခဲ့တော့ မခက်ဘူးလား။ မနေ့က ပီအက်စ်ဂျီကို နိုင်တဲ့ပွဲမှာ လူငယ်လေး တွမ်ဇီဘီ မဆိုးခဲ့ပါဘူး။

ဒါပေမဲ့ သူဟာ ပွဲထွက်ခွင့်တစ်ခုအတွက် ဒီ့ထက်သာလွန်တဲ့ အတွေ့အကြုံတွေ လိုအပ်နေပါသေးတယ်။ မန်ယူဟာ ဒီရာသီပြိုင်ပွဲစုံ ၇ ပွဲမှာ ၅ ပွဲဂိုးပေးခဲ့ပြီး အရေအတွက်အားဖြင့် ၁၁ ဂိုးတောင် ရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာ 3-3 ပွဲတွေကို အလွယ်တကူပဲ နှစ်ပွဲဆက်ခွင့် ပြုခဲ့ရပါတယ်။ တစ်ပွဲတည်း ဂိုးတွေ အဲ့ဒီလောက်များများ ကြည့်ရရင် ပရိသတ်တွေ တန်တာပေါ့ဆိုပေမယ့် အဲ့ဒါက မဖြစ်မနေ ဖွင့်တိုက်ကြရင်း ထပ်ခါတလဲလဲ ပေးနေရတဲ့ ဂိုးတွေကို ရည်ညွှန်းတာပါ။

၂ ဂိုးပြတ် ဦးဆောင်ထားရင် 2-2 ဖြစ်မယ်။ 3-2 အထိသွားနိုင်ရင် 3-3 လိုက်လာမယ် ဆိုတာမျိုးတွေကတော့ တန်ဖိုးကင်းမဲ့လွန်းရာ ကျပါတယ်။

စရိုက်ဆန်တယ်။ မသန်မစွမ်း ရှိလွန်းတယ်။ ကစားပြီးခဲ့တဲ့ ပွဲအနည်းငယ်လေး အတွင်းမှာပဲ သီယာဂိုဆေးလ်ဗား၊ အလွန်ဆိုနဲ့ ဇူးမားတို့ အမှားတွေကတစ်ဆင့် ဂိုး ၃ ဂိုး ခွင့်ပြုခဲ့ရပြီဆိုတာ မများဘူးလား။

လမ်းပတ်ဟာ ဒီအချိန်ထိ ချဲလ်ဆီးခံစစ်ရဲ့ကာချုပ်ကို ခန့်အပ်နိုင်ခြင်း မရှိသေးပါဘူး။ တစ်ပွဲလာ လူထုတ်ပုံတစ်မျိုး ရှိနေသရွေ့တော့ အခုလို အကာအကွယ်မဲ့နေတဲ့ ခံစစ်မျိုးကိုသာ မြင်တွေ့နေကြရဦးတော့မှာပဲ ဖြစ်ပါတယ်။

အခုဆို အဲ့ဒီလို မနိုင်မနင်း တပ်မတော်ထဲ ကြိုးကြာတပ်ဖွဲ့ကြီးလည်း ဝင်ပါခဲ့ရပြီ ဖြစ်ပါတယ်။ အာနိုးက နည်းနည်းပြန်ကျသွားတယ်။ ဂိုမက်ဇ်လေးက အရင်လို သေချာမှုတွေ ပျောက်ကွယ်သွားပါတယ်။

မာတစ်က ပွဲဆက်တွေ ပြတ်နေပါတယ်။ ဒီလိုအချိန်မှာ ဗန်ဒွိုက်တစ်ယောက် ရာသီကုန်သွားနိုင်တယ်ဆိုတဲ့ သတင်းဟာ လီဗာပူး မြို့လယ်တည်တည့်
တည့်ဆီ ကျကွဲခဲ့တော့တာပါ။

အသင်းကောင်းတစ်သင်းဆိုတာ နေရာအလိုက် အတောင့်တင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတယ် ဆိုပေမယ့် ဘယ်သူဟာတော့ဖြင့် မရှိမဖြစ် ကစားသမားလဲဆိုတာ သိရှိဖို့၊ ပိုင်ဆိုင်ထားဖို့ အရေးပါလှပါတယ်။

အခုတော့ မာဆေးဆိုက်ဒါဘီမှာ ဂိုးသမားပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုနဲ့အတူ သူဟာ ကာလကြာရှည် နားရပါတော့မယ်။ နှိုင်းရမယ့် အမှုမျိုး၊ နှိုင်းလို့ရတဲ့ အနေအထားမျိုး မဟုတ်ပေမယ့် ဆာလာကိုမှ ပေးနားလိုက်ချင်ပါသေးတယ်။

ဗန်ဒွိုက်ကိုတော့ ပြန်ပေးပါ။ သူဟာ လီဗာပူးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ အခုတော့ သူနဲ့တကယ်ပဲ ခွဲခွာခဲ့ရပါပြီ။ ဒါဟာ ဂျာဂင်ကလော့ပ်ရဲ့ ချန်ပီယံကာကွယ်ရေး တံတားကို ချိုးချလိုက်သလိုပါပဲ။

တကယ်တော့ ပရီးမီးယားလိဂ်မှ မဟုတ်ပါဘူး။ အခြားလိဂ်တွေမှာလည်း သံမဏိရဲမက်တွေ လိုအပ်နေကြဆဲပါ။

ဘိုင်ယန်ဟာ ၄ ပွဲကစားပြီး ၈ ဂိုးပေးထားရပြီးပါပြီ။ အလာဘာ-ဘိုတန်း၊ အလာဘာ-ဆူလီ၊ ဘယ်လိုတွဲတွဲ တည်ငြိမ်မှုဆီ မဆိုက်ရောက်ပါဘူး။

ရီးယဲလ်မှာ ဒီအချိန်ထိ ရာမို့စ်နဲ့ ဗာရန်းမှတစ်ပါး အခြားမရှိ ဖြစ်နေတုန်းပါ။ ဘာစီလိုနာမှာက ပိုဆိုးပါတယ်။ ပီကေးဟာ စစ်ပန်းသူတစ်ယောက်ရဲ့ ကိုယ်နေဟန်ပန် ရှိနေပါတယ်။

စိတ်သွားတိုင်း ကိုယ်မပါဖြစ်ပြီး စိတ်က ကြွပ်ဆတ်နေပါတယ်။ ဒါကြောင့်ပဲ မနေ့က ချန်ပီယံလိဂ်ပွဲစဉ်မှာ အနီကတ်တစ်ကတ် သူရယူခဲ့တာပေါ့။

တကယ်တော့ ခံစစ်အတွက် ငွေမသုံးကြတာချည်း ဟုတ်ရဲ့လားတော့ စဉ်းစားကြရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ အသင့်သုံးနိုင်တဲ့ ခံစစ်ကစားသမားကောင်းတွေ ရှားပါးကုန်တာလည်း ဖြစ်နိုင်ပါတယ်။

တဆိတ်ရှိ ကူလီဘာလီ ခေါ်မယ်။ တစ်ခုခုပြောဖို့လိုရင် အူပါမီကာနိုနောက်ကို လိုက်နေတယ်ဆိုတာ ပါမယ်။ ဘာနေနေ ဒီရာသီမှာ ကျွန်တော်တို့ကာကွယ်ရေး အသုံးစရိတ်တွေ ထပ်မံပြီးအသုံးပြုဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။

အရိုးပျော့သတ္တဝါတွေနဲ့တော့ မရဏသေတ္တာကို ဆက်ဖွင့်ဖို့ ကျွန်တော် မရဲခဲ့တာ သေချာပါတယ်။

Facebook Comments Box
Facebook Comment