
တစ်ကိုယ်တည်း လေ့ကျင့်ခန်းဆင်းနေရရန် ဂရင်းဝုဒ်ကို မန်ယူ ပြောကြားထား
မာဆင်ဂရင်းဝုဒ်သည် လာမည့် ရက်အနည်းငယ်အထိ မန်ယူတွင် တစ်ကိုယ်တည်း လေ့ကျင့်ခန်းဆင်းရန် ပြောကြားခြင်းခံထားရကြောင်း သိရသည်။ အသက် ၁၈ နှစ်ရှိ တိုက်စစ်သမားသည် အင်္ဂလန်အသင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ကြာသပတေးနေ့တုန်းက မန်ယူလေ့ကျင့်ရေးကွင်း ကာရင်တန်သို့ ပြန်လာခဲ့သည်။
သို့ရာတွင် သူသည် မန်ယူနည်းပြဆိုးလ်ရှားနှင့် ပထမအသင်းသားများ လေ့ကျင့်ခန်းများပြုလုပ်ပြီး အိမ်ပြန်သွားချိန်တွင်မှ ကာရင်တန်သို့ သွားကာ လေ့ကျင့်ခန်းဆင်းခဲ့ရခြင်းလည်း ဖြစ်သည်။

ဂရင်းဝုဒ်နှင့်ဖီးလ်ဖိုဒင်တို့သည် အိုက်စလန်သို့ ရောက်နေစဉ်အတွင်း အင်္ဂလန်အသင်း တည်းခိုရာဟိုတယ်သို့ အမျိုးသမီးငယ်နှစ်ဦးကို ဖိတ်ကြားမှုကြောင့် အိမ်ပြန်ပို့ခဲ့ရသည်။
မန်ယူက ဂရင်းဝုဒ်အနေဖြင့် အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းမှု မပြုလုပ်မီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ/မရှိ ဦးစွာ စစ်ဆေးမှု ပြုလုပ်ရန် ပြောကြားထားသည်။
သူသည် ယခုအပတ်အကုန်တွင် ဗီလာနှင့်ကစားမည့် ခြေစမ်းပွဲတွင် ပါဝင်မည်မဟုတ်ချေ။

မန်ယူနည်းပြဆိုးလ်ရှားသည် အင်္ဂလန်အတွက် သွားကစားစဉ် ဖြစ်ပျက်ခဲ့မှုများအတွက် တစ်စုံတစ်ရာအရေးယူမှု ပြုလုပ်သွားမည်မဟုတ်သော်လည်း သီးသန့်တွေ့ဆုံမှု ပြုလုပ်ကာ စကားပြောရန် စီစဉ်ထားသည်။
သို့ရာတွင် သူသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ကစားရမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ပါဝင်နိုင်ဆဲ ဖြစ်သည်။
သူသည် ပြီးခဲ့သည့် ရာသီတုန်းက မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၈ ဂိုးသွင်းယူပြီးနောက် အိုက်စလန်နှင့်ပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နည်းပြဆောက်ဂိတ်က ဂရင်းဝုဒ်နှင့်ဖိုဒင်တို့အား အင်္ဂလန်တွင် နောက်တစ်ကြိမ် ရွေးချယ်ရန်အတွက် ယုံကြည့်မှုများစွာ တည်ဆောက်ရန် လိုအပ်နေကြောင်း သတိပေးပြောကြားထားသည်။