
ညွှန်းဆိုထပ်ကိန်းများစွာနဲ့ မန်ယူရောက်လာတဲ့ ဗန်ဒါဘိခ်
မန်ယူရောက်မယ့် ဗန်ဒါဘိခ်ဆိုတာ ဘယ်လို ကစားသမားလဲ ???
ဘယ်လိုမျိုး အရည်အသွေးရှိသလဲ။
ဘယ်လို လူမျိုးလဲ။
အရည်အချင်းကရော မန်ယူအတွက် အရောင် တလက်လက် ထတောက်မယ့် ပတ္တမြားခဲလား။
အသံတွေကတော့ မန်ယူကို လာမှန်နေပါပြီ။ အရောင်အစုံအလင်နဲ့ကို မန်ယူကို တိုးဆောင့်ပြီးတော့ ဝင်လာကြတာပါ။
ဟုတ်ပါတယ်။ မန်ယူဟာ အိုင်းယက်စ်က ၂၃ နှစ်သား ဗန်ဒါဘိခ်ဆိုတဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ကို ခေါ်ဖို့ အဆင်ပြေသွားပြီဆိုတဲ့ သတင်းတွေ တက်လာတည်းက မန်ယူကို အားပေးတဲ့ပရိသတ်တွေ အဖို့တော့ လှုပ်လှုပ်ခတ်ခတ် ပြန်ဖြစ်လာပြီး ဘယ်လို ကစားသမားမျိုးလဲ ၊ ဘယ်နေရာအတွက်လဲဆိုပြီး ပြန်ခေါင်းထောင်လာပါတော့တယ်။
ဆန်ချိုကိစ္စမှာတင် မန်ယူရဲ့တာဝန်ရှိ လူကြီးမင်းများကို အကြီးအကျယ်ပေါက်ကွဲပြီး ဒေါသထွက်နေတဲ့ မန်ယူပရိသတ်တွေ အတွက်တော့ ဗန်ဒါဘိ ခေါ်ယူလိုက်နိုင်ခြင်း ကိစ္စမှာတော့ ဒေါသစိတ်ကလေးတွေ ဖြေလျော့မှု အတိုင်းအတာမှာ အဆင့်တစ်ခု လျော့ကျသွား စေလောက်မယ်ထင်တယ်။

ဘာကြောင့်လဲဆိုတော့ ဒီကစားသမား မန်ယူကွင်းလယ်မှာ အသုံးတည့်ပြီးတော့ ခြေစွမ်းပြနိုင်မယ့်သူအဖြစ် အများက မျှော်လင့်ထားကြလို့ပဲဖြစ်တယ်။ အရပ် ၆ပေမြင့်တယ်။ တိုက်စစ်အားသန်တဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်သလို စွယ်စုံရတဲ့သူလို့လည်း ခေါ်ကြပါတယ်။ အိုင်းယက်စ်ရဲ့ ဒီဘက်ခေတ်မျိုးဆက်တွေထဲမှာ သူကလည်း တစ်ယောက်အပါအဝင် ဖြစ်သလို ခြေစွမ်း၊ ခြေနရှိတဲ့သူလို့ အနာဂတ်ထွန်းတောက်ကြယ် မျိုးဆက်ထဲမှာ ထည့်သွင်းဖော်ပြခံရခြင်း လက်မှတ်လည်းရ ထားတယ်။
သူဟာ ကွင်းလယ်လူ တစ်ယောက်ဆိုပေမယ့် တိုက်စစ်လမ်းကြောင်းကို ကွင်းလယ်ကနေပြီး ပုံဖော်တဲ့နေရာမှာ အကောင်းဆုံး အထောက်အကူပြုစေနိုင်တဲ့ ဆိုးရှားအကြိုက်ကစားသမားလို ဖြစ်လာဖို့ရှိတယ်။ ပြီးတော့အသင်းမှာ ပေါ့ဂ်ဘာ မရှိရင် အရံသင့် အစားထိုးနိုင်ဖို့ အတွက် ပြင်ဆင်ထားရာလည်း ရောက်နေတယ်။
ပေါ့ဂ်ဘာကလည်း အသင်းမှာ ဆက်ရှိမှာလား၊ ဆက်မရှိဘူးလားဆိုတာ ဒွိဟဖြစ်နေတဲ့ ပရိသတ်တွေအဖို့ ဗန်ဒါဘိခ်ဟာ အဖြေတစ်ခု ချပေးလိုက်သလိုတောင်ဖြစ်နေတယ်။ လစာများပြီး အသင်းမှာ မန်ယူကစားသမားစိတ်ဓါတ်အပြည့် နှစ်ပြီး ကစားတာမျိုးထက် ပရိုဆန်ပြီး စိတ်လိုလက်ရမရှိရင်တစ်မျိုး အသင်းရလဒ် အတိမ်အနက်ပေါ်လိုက်ကာ အေးဂျင့်ဖြစ်သူ ခြယ်လှယ်သမျှနဲ့ ပေါ့ဂ်ဘာ မန်ယူမှာ ဖြတ်သန်းနေပုံကို မန်ယူပရိသတ်တွေ အနေနဲ့ ကြည့်မရတာကြာပါပြီ။
ဒါပေမယ့် ကိုဗစ်အလွန်ကာလမှာတော့ ပေါ့ဂ်ဘာတစ်ယောက် ပြန်ငြိမ်ပြီး မန်ယူမှာ ဆက်နေမယ်ဆိုတာ ပြောဆိုနေသံတွေ ကြားနေသလို ခြေစွမ်းပြ ပြန်ရုန်းကန်နေလို့ ဘရူနိုနဲ့အတူ မန်ယူကွင်းလယ်ဟာ တိုးတက်လာတာမှန်တယ်။ ဒါပေမယ့် မန်ယူဘုတ်အဖွဲ့ကတော့ အကြီးအကျယ် ပြဿနာများခဲ့ပြီးတဲ့ သူ့အပြောင်းအရွှေ့ကိစ္စမှာ ဇာတ်လမ်းဖြတ်ချင်နေပုံပါပဲ။ အဲ့ဒါ အပြင် မာတစ်ကလည်း အသက်ထောက်နေပြီဆိုတော့ လိုအပ်တဲ့နေရာအတွက် ဗန်ဒါဘိခ်ကို ပေါင်သန်း ၄၀ ပေးပြီး ခေါ်ယူ လိုက်တာနဲ့တူတယ်။

ဘာပဲဖြစ်ဖြစ် အဆင်ပြေမယ့် သဘောရှိမယ်လို့ ကောင်းတဲ့ဖက်ကနေပြီး စဉ်းစားမိတယ်။ ပေါ့ဂ်ဘာလည်း ဆက်ရှိမယ်၊ အရင်အတိုင်း အပြောင်းအလဲ မရှိဘူး၊ ဒါဆိုရင်တော့ မန်ယူရဲ့ ကွင်းလယ် အားကောင်းမောင်သန်ဖြစ်တည်မှုဟာ တစ်ကယ့်ကို ရာသီသစ်မှာ ကြည့်ကောင်းတာ ထက်ပိုနေလိမ့်မယ်။
ပြီးတော့ မန်ယူကွင်းလယ်မှာ နုပျိုမှုတွေနဲ့ ပြန်ဆန်းသစ်မယ့် အနေအထားကိုမြင်မိတယ်။ ဗန်ဒါဘိခ် နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် သူအကောင်းဆုံး ကစားနိုင်တဲ့နေရာဟာ number six position (central midfield position) ဖြစ်တယ်။ တိုက်စစ်ကို အားသန်တယ်။ အဲ့ဒါအပြင် လိုအပ်ရင် နည်းပြအကြိုက်ထားရာနေ စေရာကိုသွားနိုင်တယ်။
မန်ယူရဲ့ ၄-၂-၃-၁ ကစားကွက်ထဲမှာ ပေါ့ဂ်ဘာနဲ့အတူ တွဲဖက်ကာ တိုက်စစ်နဲ့ခံစစ်ကို ချိန်သားကိုက်ချိတ်ဆက်ကာ ကစားနိုင်သလို ၊ ၄-၃-၃ မှာ ဆိုရင်လည်း ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေးလ် တို့နဲ့တွဲပြီးဂရင်းဝုဒ်၊ ရက်ဖို့ရှ်တို့ဆီ အကောင်းစား ဘောလုံးတွေကို ပေးပို့နိုင်သလို မာရှယ်အကြိုက် ဘောလုံးတွေ ထုတ်ပေးနိုင်မယ်လို့ မျှော်လင့်နိုင်တယ်။ အဲ့ဒါ အပြင် ၃-၄-၂-၁ မှာဆိုရင်လည်း တိုက်စစ်အတွက် ညာတောင်ပံအစွန်ထွက်ပြီး တိုက်စစ်မှူးတွေကို သူက ပံ့ပိုးပေးဖို့ အသင့်ရှိနေမယ့်သူမျိုးပါ။
ဘယ်နေရာက အကောင်းဆုံး ဖြစ်လာမလဲဆိုတာ ဒီအချိန်မှာတော့ သေချာမသိနိုင်သေးပေမယ့် ပွဲထွက်ကစားခွင့်ရပြီး အထိုင်ကောင်းကောင်းကျဖို့ သူဖြတ်သန်းရမယ်။ အဲ့ဒီကာလလွန် မြောက်ဖို့အချိန်ပေးတဲ့ ကာလကို ပရိသတ် စိတ်ရှည်လက်ရှည် စောင့်ပေးဖို့ပဲပြောချင်တယ်။
သူဟာ နယ်သာလန်လိဂ်က ရောက်လာခဲ့လို့ ပရီးမီးယားနဲ့ အသားကျဖို့မခက်ပါဘူး။ ငယ်ရွယ်ပြီး မြန်ဆန်တဲ့ကစားဟန်နဲ့ အတိုပေး တစ်ချက်ထိ ခပ်မြန်မြန်လေး တိုက်စစ်ဆင်နိုင်သူ ဖြစ်တာကြောင့် ဘောလုံးအရည်အချင်း ပြည့်ဝသူတွေကြားမှာ အင်္ဂလိပ်ဘောလုံး အသိုင်းအဝန်းနဲ့တော့ အထိုင်ကျလွယ်မယ့်သဘောရှိမယ်။
သူ့ကစားဟန်ကို ပြောရမယ်ဆိုရင် အနီးစပ်ဆုံးဘယ်သူတွေနဲ့ တူသလဲဆိုတော့ တစ်ခါတုန်းက စတုတ်မှာ ကစားခဲ့တဲ့ ဂျိုးအလန်တို့၊ အိုင်းယက်စ်၊ အဲဗာတန်နဲ့ အခုဝါဒါဘရီမင်မှာ ကစားနေတဲ့ ဒေဗီကယ်လ်ဆန်တို့နဲ့ဆင်တယ်။ ကွင်းလယ်တိုက်စစ်ကို မြန်မြန်သွား၊ ထိရောက် အောင်ပို့ပြီး ဖန်တီးပေးပို့နိုင်စွမ်းတွေ က လူငယ်ပီပီ တင်းတင်းရင်းရင်းနဲ့ ရဲစိတ် အပြည့်ရှိတယ်။ Box to Box လည်း အကွက်မြင်မြင်နဲ့ ကစားနိုင်သေးတော့ သူ့ခြေစွမ်းကို မန်ယူမှာ ကြည့်ဖို့ စိတ်လောနေသူတွေ များနေတာမဆန်းဘူး။
မနှစ်တုန်းက အိုင်းယက်စ်မှာ သူ ဖန်တီးပေးမှုတွေကိုကြည့်ရင် မန်ယူအတွက် ဆိုးရှားဟာ ကွင်းလယ်ပိုင်းမှာ ဘယ်လိုမျိုး အသုံးချရင် သင့်မလဲဆိုတာ ပရိသတ်တွေအဖို့တော့ ကြိုတင် တွက်ဆမှုကောင်းရနိုင်တယ်။
တစ်ခုပါပဲ။ စိတ်မြန်လက်မြန်ရှိလို့ တစ်ခါတစ်ခါ သူ့အားနည်းချက်လို ဖြစ်နေတတ်တာကလူ ပေးကစားတဲ့ အခါ လွဲချော်မှုတွေရှိတတ်တာပါပဲ။ ဒါပေမယ့် အဓိကျတဲ့ ပြေးလမ်းကြောင်းထဲကို ဘောလုံးထိုးထည့်ပေးတာတွေ၊ ဖန်တီးမှုကောင်းတွေကိုတော့ စိတ်လိုလက်ရနဲ့ အဆင့်မြင့်မြင့် လုပ်နိုင်တယ်။ ညာခြေသန်တဲ့ ဘောလုံးသမားဖြစ်သလို ကွင်းလယ် ၊ ကွင်းလယ်ခံစစ်၊ ကွင်းလယ်တိုက်စစ် စတဲ့နေရာတွေမှာ လိုအပ်သလိုမျိုး ပွဲချိန်အတွင်း ရွှေ့ပြီးကစားကောင်း မွန်တယ်။ အထူးသဖြင့် ဘောလုံးအထိန်းအသိမ်းကောင်းပြီး ပွဲကိုဖတ်နိုင်စွမ်းရှိတဲ့ အမြင်အားကောင်းတယ်။ ပြီးတော့တိုက်စစ်ကို သူ့အပေးအပို့တွေနဲ့ ထိထိမိမိချိတ်ဆက်ပေးနိုင်သလို တစ်ဖက်ဂိုးဧရိယာထဲ သူပြေးတိုးဝင်လာတိုင်း ပြိုင်ဘက်ခံစစ်သမားတွေ အတွက် ကြောက်စရာ ကောင်းအောင် သူလုပ်ပြနိုင်စွမ်းရှိတယ်။
သူက ပရိသတ်တွေအမြင်မှာ လုပ်အားနှုန်း သိပ်ကောင်းတဲ့ ဘောလုံးသမားအဖြစ်မြင်ရနိုင်ပြီး ဗန်ဒါဘိခ်ဟာ ဗန်ဒါဘိခ် သာဖြစ်တယ်ဆိုတာမျိုးကို လက်ခံထားသူပါ၊ ဘယ်သူနဲ့မှ နှိုင်းယှဉ်တာမျိုး လက်မခံပါဘူး။ သူ့အရည်အချင်းကိုသာ ကိုးကွယ်တဲ့သူပါ။ ငယ်ဂုဏ်နဲ့ လုပ်အားနှုန်းကောင်းပြီး ပေးအပ်တဲ့တာဝန်ကို ရာခိုင်နှုန်းပြည့် ထမ်းဆောင်နိုင်တဲ့ တက်လူ ဖြစ်လို့ ဒီလို ကစားသမားမျိုးဟာ ပုံကောင်းကောင်းသွင်းပေးမယ့် သူတွေလက်ထဲမှာတော့ အလန်းစားတောက်ပမယ့် ကျောက်ကောင်းတစ်ပွင့် ဖြစ်နေပါတော့တယ်။
ရှေ့က နောင်တော်ကြီးတွေလိုမျိုး လာခြင်းကောင်းသူတစ်ယောက်ဖြစ်ပါစေ ဗန်ဒါဘိခ် ရေ ….
– – – ထွန်းထွန်းဦး(လှိုင်) – – –