ညဘုရင်တွေ ရင်ခုန်တော်မူတဲ့အတိုင်း..

N Kyal Minn

ဒီအချိန်မှာ ကျွန်တော် စဉ်းစားကြည့်တယ်။ အားလုံးပါပဲ၊ ခင်ဗျားတို့လိုပါပဲ၊ ဘောလုံးပွဲ လောင်းကစားလုပ်ကြတယ်။

ဒီနေရာမှာ ကြားလို့ကောင်းမယ့် အခြား အစားထိုးစကားလုံးတွေ ကျွန်တော် ထုတ်မသုံးတော့ပဲနဲ့ပေါ့လေ။

တချို့သောအရာတွေမှာ အဖွဲ့အနွဲ့က သိပ်အရေးမပါတော့တဲ့အကြောင်း ခုနောက်ပိုင်း နည်းနည်းခံစားလာရတယ်။ ဒဲ့ပြောဆိုခြင်းရဲ့ ခွန်အားကို ကျွန်တော်ပိုကြိုက်လာတယ်။

ထားပါတော့၊ ဘောလုံးပွဲလောင်းတယ်။ ခင်ဗျား ဘယ်လိုအသင်းတွေကို လောင်းသလဲ။

ဒါက ရှင်းပါတယ်၊ နိုင်မယ့်အသင်းကို လောင်းတာပေါ့။ ကိုယ့်ကို ပိုက်ဆံပေးတဲ့အသင်းပဲ လောင်းတာပေါ့။ အခြေခံလိုလားချက်က ဒါပဲ။

ဒါပေမဲ့ ခင်ဗျားစိတ်နှလုံးဟာ အခြားသူတွေနဲ့ တူရဲ့လား..။ တချို့က ဘောလုံးမှာ အရင်းအနှီး လာပြုတာ။ ဘယ်အသင်း နိုင်ခြေရှိသလဲ။

ကိုယ်တိုင်လေ့လာမယ်။ ဒါမှမဟုတ် tipsters တွေဆီမှာ ပွဲဝယ်မယ်။

ပြီးရင် ကိုင်လိုက်တာပဲ။ ယူနစ်တွေ ထည့်လိုက်တာပဲ။ ပြီးရင် ညကပွဲတွေ သွားမယ်။ အခြား ဆွတ်ပျံ့ဖွယ်ရာ စန္ဒရားတွေ ထိခတ်မယ်။

အွန်လိုင်းပေါ် တက်ဆဲမယ်။ ယောကျ်ားလိင်ကို ဗားရှင်းမြှင့်မယ်။ ဘောလုံးပွဲဟာ ငွေရှာဖို့ပဲဖြစ်တယ်။

မနက်အိပ်ယာနိုးမှ ရလဒ်ကို ဖွင့်ကြည့်လိုက်တာပဲ။ မိုက်တယ်၊ စောင်ရမ်း ဂျွတ်တယ်။ အဲ့ဒီလောက်ပဲ။ ပြီးပြီ။

ခင်ဗျားကိုယ်တိုင်ကတော့ အစအဆုံး ခံစားချင်တာ..။ သားတွေ လူစုံပြန်မလာမချင်း အိပ်မပျော်နိုင်သူ အမေအိုတစ်ယောက်လို တစ်သင်းချင်းကို စိတ်ပူနေတတ်တော့တာမျိုး မဟုတ်လား။

လီဗာပူးကြည့်ပါဦး၊ လူမစုံဘူးကွာ၊ သိလား၊ ဒါပေမဲ့ လုပ်မှာပဲ။ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကို ရှုံးလိုက်ရင် လီဗာပူးမျက်မှန်ဟာ ပါဝါတွေ တိုးကုန်တော့မှာပဲ။

ဒါပေမဲ့ စတော့လေ၊ အဖွင့်ဂိုးက ရောက်မလာသေးဘူးလား။ အေး..ဒါပဲ၊ စပီဇီယာက ဂိုးစသွင်းသွားပြီ။

ငါလိုချင်တာ အဲ့ဒါပဲ၊ အတ္တလန္တာလေ၊ သိတယ်မဟုတ်လား၊ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်လာမယ်။ ၄ ဂိုးလိုတယ်ကွာ၊ အခု ပွဲမစသေးဘူး၊ တစ်ဂိုး ရ ထားတယ်။ ဂေါ်ပြီလေ။

ဟော့ဒီမှာ အိုးထရက်ဖို့ဒ်ပဲ။ ငါတို့ဟာ ဖာဂူဆန်ပွဲကြည့်စင်ပေါ်က ဘယ်တော့မှ ထမပြန်တဲ့ မန်ယူမကျွတ်လွတ်ရေးသမားတွေပဲ။

ဒီရာသီမှာ၊ ဒီကွင်းကြီးက တစ်ပွဲမှ မနိုင်ရသေးဘူးတဲ့လား။ နားစမ်းပါ၊ ဝက်စ်ဘရွန်းကို ဝဲပစ်လိုက်စမ်း ကောင်လေးဘရူနို။ စသည်ဖြင့်ပေါ့..

ကျွန်တော်တို့ဟာ အရူးအမူးသမားတွေ ဖြစ်တယ်။ တိုက်ကြက်စစ်စစ်တွေဖြစ်တယ်။ Sky Net ကို ရူးခံသွားအောင် လှည့်ပစ်သူတွေဖြစ်တယ်။

အားလုံးဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ။ ကိုယ်ရွေးတဲ့လက်နက်မှာ ကိုယ့် ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကားပဲ။

ဘောလုံးပွဲဟာ ကျွန်တော်တို့အားလုံးရဲ့`ညလွှတ်ပွဲ´တွေဖြစ်တယ်။ အထီးကျန်အရိုင်းကို နူးညံ့စေရာ တိုက်ပွဲငယ်တွေဖြစ်တယ်။

ငါတွေးတယ်၊ ငါရွေးချယ်တယ်၊ ဒါကြောင့် ငါအနိုင်ရတယ်တွေ ဖြစ်တယ်။ ဘောလုံးမှာ ရေကြောင်းသွားလာရေး သက်သက်တွေဟာ သူ့အကြောင်းနဲ့ သူ ဖြစ်တယ်။

ဒါက ဘုရားသခင် ပြဌာန်းခဲ့တဲ့ ကိုယ်စီလွတ်လပ်ခွင့်တွေပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရင်ခုန်ရေးသမားတွေပဲ။

လူတစ်ယောက်ရဲ့ပင်မရေစီးကို မထိခိုက်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလည်း ပါစေ၊ ကိုယ်နိုင်စေချင်တဲ့ အသင်းလည်း သွားလမ်းသာပြီး လာလမ်းဖြောင့်ပါစေပဲ။

ဒီမှာ ကိုယ်ရွေးတဲ့အသင်း အနိုင်ရရင် ပြီးရောလား။ မြန်မာပြည်က လှအေးဝင်းနဲ့၊ အိန္ဒိယက စွပ်ပရားနဲ့၊ အင်္ဂလန်က ဒီအိပ်ချ်လောရင့်နဲ့ တွဲကန်နေလည်း မသိသူပေါ့။

မိုးနတ်မင်းတပ်ဖွဲ့နဲ့ သုခမြို့တော်သားတွေ ရင်ဆိုင်နေလည်း ဟေ့.. ဘယ်သူမှ ခြေတစ်ချောင်း အပိုမပါဘူးကွလို့ မဟာအတွေးအမြင်တွေ ထုတ်လွှင့်နေတတ်သူပေါ့။

ကြည့်ကားကြည့်၏၊ မရောက်..ဆိုတာမျိုးတော့လည်း အဓိပ္ပာယ်ရှိလှမယ်မထင်ပါဘူး။

ကိုယ်ဘာကြောင့် မိုချန်ဂလာဘတ်လဲ၊ အနိမ့်ဆုံးတော့ သူတို့ရဲ့နောက်ဆုံးကြွေကလေးကို မသိသင့်ဘူးလား၊ အနိမ့်ဆုံးတော့ မားကပ်စ်သူရမ် စီးဆင်း ရာ၊ ပိုမိုသန်မာလာရာ အကြောင်းလေး ရင်ထဲ နွေးမနေသင့်ဘူးလား။

ဒီမှာ ခင်ဗျားဟာ တော်လှန်ပုန်ကန်သူ၊ ဒီမှာခင်ဗျားဟာ ဥပဒေပြုရေးသမား၊ ဒီမှာခင်ဗျားဟာ ငယ်ချစ်ဦးပုံပြင်၊ ခင်ဗျားဟာ အားလုံးကိုပဲ ဖြစ်ခွင့်ရနိုင်ပါတယ်။

ခင်ဗျားဟာ ညဘုရင်တစ်ပါးလို အသင်းအားလုံးကို စီရင်တော်မူနိုင်ပါတယ်။ ကိုယ်ရွေးထားတဲ့ပွဲတွေ မပြီးသေးသရွေ့၊ ကိုယ့်ရဲမက်တွေ ဂိုးလှံကိုဆွဲ၊ ဂိုးဒိုင်းကို ကာနေသရွေ့ ကိုယ်ဟာ ညဘုရင် ဖြစ်နေဦးမှာပါ။

ညဘုရင်ဖြစ်ဖု့ိဆိုရင် ကိုယ်တိုက်ခိုက်သိမ်းပိုက်ရမယ့် ရန်သူအင်အားကို သိရပါမယ်။ ပြည်သူရဲ့ထောက်ခံအားကို စမ်းသပ်သိရှိနိုင်ရမယ်။

သူတို့ဆီက အထူးချွန်ဆုံး စစ်ဦးစီးတွေအကြောင်း သူတို့ထက်တောင် ပိုသိ နိုင်ရမယ်။ ဒီလိုပဲ၊ ကိုယ့်ကောင်တွေ လေ့ကျင့်ရေးကွင်းမှာ ဘယ်လိုရှိတယ်ကအစ၊ ဘယ်ငနဲ ဂိုးဆာနေတယ်။ ဘယ်ငနဲကဖြင့် လူနံရံဖြစ်တယ်။

အဲ့ဒါတွေအားလုံး သိနိုင်ရပါလိမ့်မယ်။

လူဆိုတာ ငွေရှာရမယ်၊ မိန်းမတွေကို ချစ်ရမယ်၊ ကိုယ့်နိုင်ငံတော်ကို တန်ဖိုးထားတတ်ရမယ်။ အဲ့ဒါတွေဟာ စက်ရုံထုတ်တွေလို တစ်ပုံစံတည်း လည်ပတ်နေဖို့ မဟုတ်ပါဘူး။

ဆန့်ကျင်ဘက်လိင်ကို ပွေ့ဖက်ပြီးဆုံးရရုံနဲ့ အနှစ်အသားရှိတဲ့ဘဝကို ခင်ဗျား မရသေးပါဘူး။ ဒီမိန်းမရဲ့ ကြည်သာချမ်းမြဖြစ်စေရာ အခြားသောအရာရာကို ကြည်နူးစွာရှာဖွေပြီး အလေးအမြတ် ပြုနိုင်ရပါလိမ့်ဦးမယ်။

ကျွန်တော်ပြောချင်တာ အဲ့ဒါပဲဖြစ်ပါတယ်။ ဘောလုံးပွဲနိုင်ငံတော်ရဲ့ ညဘုရင်တွေဟာ အဓိပ္ပာယ်ရှိမှု ပလ္လင်တော်မြတ်မှာ အကျအန စံမြန်းနိုင်ကြပါစေ။

ဘဝဟာ အဓိပ္ပာယ်မရှိရင် အဓိပ္ပာယ်ရှိလိမ့်မယ်မဟုတ်ပါဘူး။

Facebook Comments Box
Facebook Comment