ဇီယက်ချ်မှာ ချဲလ်ဆီး၏ အလွန်အရေးပါသည့် ကစားသမား ဖြစ်လာမည်ဟု လမ်းပတ်ယုံကြည်

ဖရန့်လမ်းပတ်က ဟာကမ်ဇီယက်ချ်မှာ ချဲလ်ဆီးတွင် အလွန်အရေးပါသည့် ကစားသမား ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။ ချဲလ်ဆီးသည် ရှက်ဖီးလ်ယူနိုက်တက်ကို အေဘရာဟမ်၊ ဘင်ချဲလ်ဝဲလ်၊ တီယာဂိုဆေးလ်ဗား၊ တီမိုဝါနာတို့၏ ဂိုးများဖြင့် ၄-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ချဲလ်ဆီးသည် ထိပ်ဆုံးမှ ဆောက်သမ်တန်၊ လီဗာပူးတို့နှင့် ရမှတ် ၁ မှတ်အကွာသို့ ရောက်လာသည်။

ဇီယက်ချ်သည် ရှက်ဖီးလ်ယူနိုက်တက်နှင့်ပွဲတွင် ဂိုးရနိုင်သည့် အခွင့်အရေး ဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ၂ ဂိုးရအောင် ဖန်တီးခဲ့သည်။ သူသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် တစ်ပွဲတည်း ဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

ဖရန့်လမ်းပတ်က “သူက ကျွန်တော်တို့အတွက် တကယ့်ကို ကြီးကျယ်တဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်မှာ အသင်းရဲ့အဆင့်ကို မြှင့်ပေးနိုင်မယ့် ကစားသမား လိုအပ်ပါတယ်။ သူက ကျွန်တော်တို့အတွက် ကွဲပြားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေပါတယ်။ သူ့ရဲ့ ညာခြမ်းမှာ ဘယ်ခြေနဲ့ ကစားမှုကြောင့် ကွဲပြားတဲ့ စတိုင်တစ်ခုလည်း ရရှိပါတယ်။ ဒါမျိုး ကျွန်တော်တို့အသင်းမှာ မရှိတာ ကြာပါပြီ။ သူ့ရဲ့ အဆုံးသတ်ပေးပိုမှု(သို့)ဖြတ်တင်မှု (သို့)ဖန်တီးမှုက ပြိုင်ဘက်ကို ပြိုကွဲသွားစေတယ်ဆိုတာ ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးပိုင်းကလည်း အရမ်းကောင်းတယ်”ဟု ပြောကြားသွားသည်။  

Facebook Comments Box
Facebook Comment