ဇီဒန်း၏ စီမံကိန်းထဲ မပါဝင်သော ဂါရတ်ဘေးလ် မန်သို့ပြောင်းခွင့်ရရန် စိတ်အားထက်သန်နေ

ရီးရဲလ်မက်ဒရစ်အသင်းတွင် အပယ်ခံသဘော သက်ရောက်နေသော ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်လေးလ်သည် ပရီးမီးယားလိဂ်သို့ ပြန်လာနိုင်ရေးအတွက် စဉ်းစားနေပြီး မန်ယူအသင်းသို့ ပြောင်းခွင့်ရရန် စိတ်အားထက်သန်နေကြောင်း သိရသည်။

၂၀၁၃ တွင် စပါးမှ ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ ဒသမ ၃ သန်းဖြင့် ရောက်ရှိလာသော ဘေးလ်သည် မက်ဒရစ်အခြေစိုက်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၅၁ ပွဲကစားကာ ၁၀၅ ဂိုး သွင်းယူထားသည်။

သို့သော်လည်း လာလီဂါ ၂ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ် အပါအဝင် အဓိကဆုဖလား ၁၃ လုံး ရ ယူထားသော ဘေးလ်သည် နည်းပြဇီဒန်း ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ယမန်နှစ်ရာသီက လာလီဂါ ၁၆ ပွဲသာ ကစားခွင့်ရခဲ့သည်။

၎င်းနှင့် ဇီဒန်း၏ ဆက်ဆံရေးမှာ အေးစက်နေပြီး ပြင်သစ်သားနည်းပြက အနာဂတ်အစီအမံများတွင် ဘေးလ် မပါဝင်တော့ဟု ပြောကြားဖူးသည်။

အသက် ၃၁ နှစ်အရွယ် ဘေးလ်သည် လက်ရှိအနေအထားကြောင့် ၃ ရာသီကြာ ကစားခဲ့သော ရီးရဲလ်ကိုစွန့်ခွာရန် စီစဉ်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မန်ယူအသင်းသည် ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူလိုသော်လည်း ဘွန်ဒက်စ်လီဂါကလပ်က ပေါင် သန်း ၁၁၀ အထိ အလိုရှိနေရာ ထိုပမာဏအထိ မပေးလိုဘဲ နောက်ထပ်ရွေးချယ်မှုတစ်ခုအဖြစ် ဘေးလ်ကိုခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။

ရီးရဲလ်ကလည်း ဘေးလ်၏ မြင့်မားသောလစာငွေကို ပေးချေလိုခြင်းမရှိတော့ရာ ၎င်းအတွက် ကမ်းလှမ်းလာမှုများအား လက်ခံစဉ်းစားသွားမည်ဖြစ်ရာ မန်ယူအသင်းက ကနဦးအနေဖြင့် အ ဌားခေါ်ယူနိုင်ရေး ကြိုးစားလာဖွယ်ရှိနေသည်ဟု စပိန်အားကစားသတင်းစာ Sport က ဖော်ပြသည်။

နွေရာသီ အပြောင်းအရွှေ့ကာလမှာ အောက်တိုဘာ ၅ ရက်တွင် ပိတ်သိမ်းတော့မည်ဖြစ်ရာ တောင်ပံကစားသမားတစ်ဦး ရှာဖွေနေသော မန်ယူအသင်းက ဘေးလ်ကို ကမ်းလှမ်းရန် အချိန် ၃ ပတ်နီးပါးသာ ကျန်ရှိတော့သည်။

အပြောင်းအရွှေ့သတင်းများနှင့် ပတ်သက်၍ အသက် ၃၁ နှစ်အရွယ် ဘေးလ်က “ရွေးချယ်စရာတွေ ပေါ်လာရင် ကျွန်တော် သေချာစောင့်ကြည့်သွားမှာပါ။ ဘာတွေဖြစ်လာမလဲဆိုတာ မြင် ရလိမ့်မယ်။ နွေဈေးကွက်က အချိန်အနည်းငယ် ကျန်ပါသေးတယ်။ အချိန်ကပဲ စကားပြောသွားမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်ပိုင်ခွင့်က ရီးရဲလ်လက်ထဲမှာပဲ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောသည်။

Ref:Sport

Facebook Comments Box
Facebook Comment