ဇယားထိပ်သို့ အဲဗာတန်၊ လက်စတာတို့ ရောက်နေမှုကို ကလော့ပ် စိတ်မဝင်စား

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်တွင် လီဗာပူးနှင့်အတူ အဲဗာတန်၊ လက်စတာစီးတီးတို့ ရပ်တည်နေမှုအပေါ် ဂရုမစိုက်ကြောင်း ပြောကြားလိုက်သည်။

လီဗာပူးသည် တနင်္လာနေ့ညတုန်းက အာဆင်နယ်ကို ၃-၁ ဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်အဖွင့်ပွဲ သုံးပွဲလုံး အနိုင်ရရှိထားသည်။ လီဗာပူးသည် အာဆင်နယ် နှင့် ပွဲအား မနိုင်မီ လိဒ်ကို ၄-၃ ဖြင့်လည်းကောင်း၊ ချဲလ်ဆီးကို ၂-၀ ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

အခြားတစ်ဖက်တွင် အဲဗာတန်၊ လက်စတာတို့မှာလည်း ပရီးမီးယားလိဂ်တွင် သုံးပွဲဆက် အနိုင်ရရှိထားကြသည်။

အန်ဆယ်လော့တီ ဦးဆောင်သည့် အဲဗာတန်သည် ၁၉၉၃-၉၄ ရာသီနောက်ပိုင်း အကောင်းဆုံး တာထွက်ကောင်းမှုမှတ်တမ်း ရရှိထားသည်။ လက်စတာမှာလည်း တနင်္ဂနွေညတုန်းက မန်ချက်စတာစီးတီးကို ၅-၂ ဖြင့် အနိုင်ရရှိထားသည်။

သို့ရာတွင် ကလော့ပ်က ယခုအချိန်မှာ ရာသီအစမျှသာ ရှိသေး၍ အခြားကလပ်များ မည်သို့ ရပ်တည်နေသည်ကို ဂရုမစိုက်ကြောင်း ပြောကြားသွားသည်။

ကလော့ပ်က “အန်ဆယ်လော့တီက “ကာလိုအန်ဆယ်လော့တီက ထိပ်တန်း ခေါ်ယူမှုတွေ လုပ်နိုင်ခဲ့တယ်။ ဒီတော့ ကျွန်တော် မအံ့ဩပါဘူး။ လက်စတာက လက်စတာပါ။ သူတို့ ဘောလုံးကစားတာ အရမ်းကောင်းတယ်။ ဒါပေမယ့် အခုအချိန်မှာ ဘယ်သူက ဇယားထိပ် ရောက်နေတယ်ဆိုတာ ဘယ်သူ ဂရုစိုက်သလဲ။ အခု ရာသီက အစဘဲ ရှိပါသေးတယ်”ဟု ပြောကြားသွားသည်။

လီဗာပူးသည် တနင်္လာနေ့ညတုန်းက အာဆင်နယ်နှင့်ပွဲတွင် လာကာဇက်တီ၏ ဂိုးကြောင့် ဦးဆောင်ခြင်းခံခဲ့ရသော်လည်း မာနေး၊ ရောဘတ်ဆင်နှင့် ဂျိုတာတို့၏ သွင်းဂိုးများကြောင့် ၃-၁ဖြင့် အနိုင်ရရှိခဲ့သည်။

လီဗာပူးသည် လာမည့် ကြာသပတေးနေ့တွင်လည်း ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်နှင့် ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ၎င်းတို့သည် ယခုအပတ်အကုန်တွင် ပရီးမီးယားလိဂ်၌ ဗီလာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဗီလာသည် ယခုရာသီတွင် နှစ်ပွဲလုံး အနိုင်ရရှိထားကာ တာထွက် ကောင်းနေသည့် အသင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment