ဆွီဒင်အတွက် အီဘရာဟီမိုဗစ် ပြန်ကစားမည်ဆိုသည့်သတင်းကို ဆွီဒင်နည်းပြအင်ဒါဆင်ငြင်းဆို

ဆွီဒင်နည်းပြဂျန်နီအင်ဒါဆင်က ဆွီဒင်လက်ရွေးစင်အသင်းတွင် ဇလာတန်အီဘရာဟီမိုဗစ် ပြန်ကစားမည်ဟု သတင်းများ ထွက်ပေါ်လာမှုကို ငြင်းဆိုလိုက်သည်။ အသက် ၃၉ နှစ်ရှိ အီဘရာဟီမိုဗစ်သည် ၂၀၁၆ ခုနှစ်တုန်းက လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အေစီမီလန်၌ ခြေစွမ်းပြ ကစားလျက်ရှိသည်။

သူသည် ၂၀၂၀ ခုနှစ်အတွင်းတွင် အေစီမီလန်အတွက် ၂၇ ပွဲကစားရာတွင် ၁၉ ဂိုးသွင်းယူထားသည်။ သူသည် ယခုရာသီတွင်လည်း ၇ ပွဲကစားထားရာတွင် ၈ ဂိုးသွင်းယူထားနိုင်သည်။ မကြာသေးမီတုန်းက အီဘရာဟီမိုဗစ်က ဆွီဒင်လက်ရွေးစင်အသင်း ဝတ်စုံဖြင့် ဓာတ်ပုံကို တင်ကာ မဆုံစည်းရတာ ကြာပြီဟု စာရေးပြီး တွစ်တာမှာ တင်ခဲ့သည်။ ယင်းနောက် အီဘရာဟီမိုဗစ်မှာ ဆွီဒင်လက်ရွေးစင်အသင်းတွင် ပြန်ကစားဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့ရာတွင် အင်ဒါဆင်က “လူတစ်ချို့က ဒီဓာတ်ပုံရဲ့ နောက်ကွယ်မှု အစီအစဉ်တစ်ချို့ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာကိုဆိုလိုသလဲဆိုတာ မသိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ခေါင်းစားမခံချင်ပါဘူး။ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်သွားပြီ လို့ ပြောခဲ့တာ လေးနှစ်ခွဲကျော်ရှိပါပြီ။ သူ့လိုဘဲ ဆုံးဖြတ်ချက်ချတဲ့ အခြားကစားသမားတွေလိုဘဲ သူ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်။ လက်ရွေးစင်ပွဲမကစားရတော့ အနားအနည်းငယ်ရမယ်။ အရင်လို ဖိအား မရှိတော့ပါဘူး။ အခြားတစ်ဖက်မှာ လက်ရွေးစင်အသင်းမှာ ပါနေရင် ကိုယ့်နိုင်ငံ ကို ပြန်ရမယ်။ ထိပ်တန်းအဆင့်မှာ တခါပြန်ကစားရမယ်။ ဒါမျိုး ကစားဖို့ ၁၀၀ ရာခိုင်နှုန်း စိတ်အားထက်သန်မှုမရှိတဲ့သူကိုလည်း အပြည့်အဝလေးစားပါတယ်။ ဒီတော့ ဒီကိစ္စက ကျွန်တော့်အတွက် ပြီးသွားပါပြီ”ဟု ပြောကြားသွားသည်။

အီဘရာဟီမိုဗစ်သည် ဆွီဒင်လက်ရွေးစင်အတွက် ၁၁၆ ပွဲကစားကာ ၆၂ ဂိုးသွင်းယူထားပြီး ဆွီဒင်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေသည်။

ဆွီဒင်သည် ယူအီးအက်ဖ်အေနေးရှင်းလိဂ်လေးပွဲကစားပြီးချိန်တွင် ရမှတ်တစ်မှတ်မျှ မရသေးပါဘူး။ ၎င်းတို့သည် ယခုလအတွင်းတွင် ဒိန်းမတ်၊ ခရိုအေးရှား၊ ပြင်သစ်တို့နှင့် ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment