ဆွီဒင်တွင် ပြန်ကစားနိုင်ဖွယ် ရှိမှုကို အီဘရာဟီမိုဗစ် အရိပ်အမြွက် ဖွင့်ဟ

ယခုနှစ် ဘောလုံးရာသီတွင် အေစီမီလန်အတွက် ခြေစွမ်းပြ ကစားနေသော ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က ၎င်း၏ တွစ်တာအကောင့်တွင် လက်ရွေးစင်ဂျာစီ ဝတ်ဆင်ထားသော ပုံကိုတင်ခဲ့သောကြောင့် ဆွီဒင်အတွက် ပြန်ကစားပေးတော့မလား ဆိုသည့်မေးခွန်းများ ထွက်ပေါ်လာသည်။

အသက် ၃၉ နှစ်အရွယ် မိုဗစ်သည် ဆွီဒင်အသင်းအတွက် ၂၀၀၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကစားခဲ့ပြီး ၁၁၆ ပွဲတွင် ၆၂ ဂိုးသွင်းကာ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသည်။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကပ္ပတိန်အဖြစ် ဦးဆောင်ကာ ယူရိုပြိုင်ပွဲ ၄ ကြိမ်အထိ ကစားခဲ့သော မိုဗစ်သည် အဓိက ပြိုင်ပွဲကြီးများတွင် ဆွီဒင်အသင်းအား ကွာတားဖိုင် နယ်အထိ တက်ရောက်နိုင်စေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

၎င်း အနားယူသွားပြီးနောက် ကပ္ပတိန်အဖြစ် ဆက်ခံခဲ့သော ယန်နီအန်ဒါဆန်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆွီဒင်ကို ကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ယခု ဘောလုံးရာသီတွင် စီးရီးအေ ၇ ဂိုးသွင်းကာ ခြေစွမ်းကောင်း ထုတ်ပြနေသာ မိုဗစ်က သူ၏တွစ်တာတွင် ကျောနံပါတ် ၁၀ နှင့် ကပ္ပတိန်လက်ပတ် ဝတ်ထားသောပုံကို တင်ကာ “မတွေ့ရတာတောင် ကြာနေပြီ” ဆိုသော စာသားကို တွဲတင်ခဲ့ရာ လက်ရွေးစင် အသင်းအတွက် ပြန်ကစားပေးတော့မလား ဟူသော မေးခွန်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆွီဒင် ပရိသတ်များကလည်း ၄ နှစ်တာ ပျောက်ကွယ်နေသည့် မိုဗစ်ကို လက်ရွေးစင်အသင်းတွင် ပြန်ကစားခွင့်ရရန် မျှော်လင့်လျက်ရှိပြီး ဆွီဒင်သည် နောက်ဆုံးကစားထားသော နေးရှင်းလိဂ်ပွဲစဉ် ၂ ပွဲတွင် ခရိုအေးရှားနှင့် ပေါ်တူဂီတို့ကို ရှုံးနိမ့်ထားသည်။

Ref:goal

Facebook Comments Box
Facebook Comment