ဆွာရက်ဇ် ဆက်ရှိ/မရှိကို မသိကြောင်း ကိုးမန်း ဝန်ခံ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက ယခုရာသီတွင် တိုက်စစ်မှူးဆွာရက်ဇ် နျူးကမ့်၌ ဆက်ရှိ/မရှိကို မသိသေးကြောင်း ဝန်ခံပြောကြားလိုက်သည်။

ဆွာရက်ဇ်သည်  ဘာစီလိုနာ၏ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲဖြစ်သည့် ဂီရိုနာအား ၃-၁ ပွဲအနိုင်ရသည့်ပွဲတွင်လည်း ပါဝင်ခွင့်ရရှိခဲ့ခြင်း မရှိချေ။ သူသည် ဂျူဗင်တပ်သို့ ပြောင်းရန် သဘောတူညီမှု ရရှိလု အနေအထားတွင် ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသူလည်း ဖြစ်သည်။

ဥရုဂွေး တိုက်စစ်မှူး၏လက်ရှိ ဘာစီလိုနာနှင့် စာချုပ်မှာ ၂၀၂၀-၂၁ ရာသီအကုန် တွင် ကုန်ဆုံးမည် ဖြစ်သည်။

ကိုးမန်းသည် ဘာစီလိုနာသို့ ရောက်လာပြီးနောက် အသင်းမှ ထွက်ခွာခွင့်ပေးခဲ့သည့် ပထမဆုံးကစားသမားများစာရင်းတွင် ဆွာရက်ဇ်လည်း ပါဝင်ခဲ့သည်။ သို့ရာတွင် အသက် ၃၃ နှစ်ရှိ ဆွာရက်ဇ်အား အသင်းမှ ဖယ်ရှားရေးမှာ ခက်ခဲနေသည်။

ယခုအခါ ကိုးမန်းက အကယ်၍ နျူးကမ့်တွင် လူးဝစ်ဆွာရက်ဇ် ဆက်ရှိနေမည်ဆိုပါကလည်း အခြားကစားသမားများနှင့် တန်းတူပင် ဆက်ဆံသွားမှာ ဖြစ်ကြောင်း ဖွင့်ဟလာပြီဖြစ်သည်။

ကိုးမန်းက “သူ့အနာဂတ်နဲ့ပတ်သက်ပြီး သူနဲ့စကားပြောခဲ့ပြီးပါပြီ။ သူ ထွက်ခွာမှာလား၊ မထွက်ခွာဘူးလားဆိုတာ ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်။ အခုအချိန်အထိတော့ ကျွန်တော်တို့ သူ ဆက်ရှိ/မရှိကို မသိရသေးပါဘူး”ဟု ပြောကြားသွားသည်။

ဆက်လက်ပြီး ကိုးမန်းက “ကျွန်တော်တို့အနေနဲ့ ဒီက စာချုပ်တွေအားလုံးကို လေးစားရပါမယ်။ တကယ်လို့ သူ ကလပ်သစ်ရှာမရလဲ ဆက်ရှိနေရင်လည်း သူ့ဟာ အခြားအသင်းသားတွေလို ဆက်ရှိနေမှာ ဖြစ်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာမှ ထွက်ခွာ သတင်းထွက်ခဲ့သူများထဲမှ ဆက်ရှိရန် သေချာသည့် တစ်ဦးတည်းသော ကစားသမားမှာ ကော်တင်ဟို ဖြစ်သည်။ သူသည် ဂီရိုနာအား ၃-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာ၏ခြေစမ်းပွဲ နှစ်ပွဲဆက်ဂိုးသွင်းယူထားနိုင်သည်။

ကိုးမန်းက “သူ့ရဲ့စိတ်ဓာတ်ပြင်းထန်နေတယ်။ လေ့ကျင့်ခန်းလည်း ကောင်းကောင်း လုပ်သလို ကောင်းကောင်းလည်း ကစားနေပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment