ဆွာရက်ဇ်၏ ကျောနံပါတ် ၉ ကို ယခုရာသီတွင် တစ်ပွဲမျှ မကစားရသေးသည့် ဘရစ်ဝိုက် ဝတ်ဆင်ခွင့် ရရှိ

မာတင်ဘရစ်ဝိုက်သည် လူးဝစ်ဆွာရက်ဇ် ထွက်ခွာသွားမှုကြောင့် ဘာစီလိုနာတွင် လစ်လပ်နေသည့် ကျောနံပါတ် ၉ ကို ဝတ်ဆင်ခွင့် ရရှိလာသည်။ ဆွာရက်ဇ်သည် စက်တင်ဘာလ ၂၃ ရက်နေ့တုန်းက ဘာစီလိုနာမှ အက်သလက်တီကိုသို့ ယူရို ၆ သန်းဖြင့် ပြောင်းသွားခဲ့သည်။

ဥရုဂွေးတိုက်စစ်မှူးသည် ဘာစီလိုနာတွင် ကစားစဉ်အတွင်း ၂၈၃ ပွဲတွင် ၁၉၈ ဂိုး သွင်းယူကာ ဆုဖလား ၁၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။ သို့ရာတွင် ဘာစီလိုနာသည် နည်းပြကိုးမန်း၏ ဆုံးဖြတ်ချက်ကြောင့် လူးဝစ်ဆွာရက်ဇ်ကို ထွက်ခွာစေခဲ့ရသည်။

ဆွာရက်ဇ်သည် အက်သလက်တီကိုသို့ မပြောင်းမီ ဂျူဗင်တပ်သို့ ပြောင်းရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့သော်လည်း အီတလီနိုင်ငံသား ပတ်စ်ပို့ မရရှိခဲ့မှုကြောင့် အပြောင်းအရွှေ့မှာ မအောင်မြင်ခဲ့ဘဲ အက်သလက်တီသို့ ပြောင်းခဲ့ရသည်။

ဘာစီလိုနာသည် အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက် တနင်္လာနေ့တုန်းတွင် ဆွာရက်ဇ်နေရာတွင် အစားထိုးရန် လိုင်ယွန်မှ ဒီပေးကို ကြိုးပမ်းခဲ့သော်လည်း ငွေကြေး မလုံလောက်မှုကြောင့် အစားထိုးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။

သို့ရာတွင် လက်ရှိအချိန်တွင် ဘာစီလိုနာတိုက်စစ်တွင် မက်ဆီ၊ ဂရက်ဇ်မန်း၊ ဖာတီ၊ ဒမ်ဘီလီနှင့် ဘရစ်ဝိုက်ရှိနေသည်။

ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဘရစ်ဝိုက်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် လီဂါနက်စ်မှ ရောက်လာသူ ဖြစ်သည်။ ဘာစီလိုနာသည် ဒဏ်ရာရ ကစားသမားများနေရာတွင် အစားထိုးရန် အရေးပေါ်လိုအပ်ချက်အရ ဘရစ်ဝိုက်ကို ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

သူသည် ယခုရာသီတွင် ဘာစီလိုနာအတွက် တစ်ပွဲမျှ ကစားခွင့် မရရှိသေးသော်လည်း ဂန္ထဝင်တိုက်စစ်မှူးဆွာရက်ဇ် ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၉ ကို ဝတ်ဆင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

ဘရစ်ဝိုက်သည်‌ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အစောပိုင်းတုန်းက ဘာစီလိုနာမှ မက်ဆီ ထွက်ခွာခွင့် တောင်းတုန်းက အာဂျင်တီးနားစတား ထွက်ခွာသွားလျှင် ကျောနံပါတ် ၁၀ အား ဝတ်ဆင်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သတင်းထွက်ခဲ့သူလည်း ဖြစ်သည်။ သို့ရာတွင် အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူးက ယင်းသတင်းကို ငြင်းဆိုခဲ့သည်။

Facebook Comments Box
Facebook Comment