ဆွာရက်ဇ်၊ ဘက်စကွက်နှင့်အယ်လ်ဘာကို ရောင်းမည့်ဘာကာ၏စိတ်ကူးကို ကိုးမန်း ထောက်ခံ

ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းသည် လူးဝစ်ဆွာရက်ဇ်၊ ဆာဂျီယိုဘက်စကွက်၊ ဂျော်ဒီအယ်လ်ဘာတို့အား ရောင်းချရန် စီစဉ်နေသည့် ဘာစီလိုနာ၏အစီအစဉ်ကို ထောက်ခံထားသည်။ သို့ရာတွင် ကိုးမန်းသည် ဂါရတ်ပီကေးကိုမူ နျူးကမ့်တွင်ပင် ဆက်ရှိနေလိုနေသည်။

စပိန်ရေဒီယိုသတင်းဌာန Cadena Ser ၏ဖော်ပြချက်အရ ရော်နယ်ကိုးမန်းသည် ဘာစီလိုနာ၏အတွေ့အကြုံရင့်ကစားသမားလေးဦးတို့၏အနာဂတ်ကို ဆုံးဖြတ်ချလိုက်ပြီဖြစ်ပြီး ဆွာရက်ဇ်၊ ဘက်စကွက်နှင့်အယ်လ်ဘာတို့ကိုရောင်းချကာ ပီကေးကို ဆက်ထိန်းသွားမှာလည်းဖြစ်သည်။ ဘာစီလိုနာသည် ယခုနွေရာသီတွင် လုပ်ခအသုံးစရိတ်လျှော့ချရန်စီစဉ်နေသည့်အပြင် အသက် ၃၀ နှစ်အထက်ကစားသမားများကို လူငယ်များနှင့်အစားထိုးရန် စီစဉ်နေသည်။

ဘာစီလိုနာသည် ဘိုင်ယန်မြူးနစ်ကို ၈-၂ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မှထွက်ခဲ့ရပြီး ဖလားလက်မဲ့ရာသီနှင့်ကြုံရပြီးနောက် အသင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေသည်။ ဘိုင်ယန်ကို ရှုံးသည့်ပွဲအပြီးတွင် ပီကေးက ဘာစီလိုနာမှာ အပြောင်းအလဲများ လုပ်ရန် လိုအပ်နေပြီး အကယ်၍ လိုအပ်ပါက မိမိမှာ ထွက်ခွာရန် အသင့်ရှိကြောင်း ပြောကြားခဲ့သူလည်း ဖြစ်သည်။

သို့ရာတွင် ကိုးမန်းသည် ဆွာရက်ဇ်၊ ဘက်စကွက်ဇ်၊ အယ်လ်ဘာတို့ကိုသာ ရောင်းချမည်ဖြစ်ပြီး ပီကေးကိုမူ အသင်းတွင် ဆက်ထိန်းသွားဦးမည်ဖြစ်သည်။

Ref: Cadena Ser

Facebook Comments Box
Facebook Comment