ဆွာရက်ဇ်မှာ ဘာကာတွင် ဆက်ကစားကာ သက်သေပြခဲ့သင့်ကြောင်း ကိုးမန်း ပြောကြား

ရော်နယ်ကိုးမန်းက လူးဝစ်ဆွာရက်ဇ်မှာ အက်သလက်တီကိုသို့ မပြောင်းဘဲ ဘာစီလိုနာတွင် ကစားကာ ၎င်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်း သက်သေပြခဲ့သင့်သည်ဟု ပြောကြားလိုက်သည်။

ကိုးမန်းသည် ဘာစီလိုနာနည်းပြသစ် ဖြစ်လာပြီးနောက် အသင်းကို အပြောင်းအလဲ များစွာ ပြုလုပ်လာပြီး ဆွာရက်ဇ်၊ ရာကီတစ်၊ ဗီဒယ်တို့ကို အသင်းပြောင်းခွင့် ပြုခဲ့သည်။

ဆွာရက်ဇ်သည် ဘာစီလိုနာတွင် ကစားသည် ခြောက်နှစ်တာကာလအတွင်းတွင် လာလီဂါဖလားလေးကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ဘာစီလိုနာသမိုင်းတွင် တတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေခဲ့သူ လည်း ဖြစ်သည်။ သူသည် ဘာစီလိုနာအတွက် နောက်ဆုံးရာသီတွင် ၃၆ ပွဲ ကစားကာ ၂၁ ဂိုး သွင်းယူနိုင်ခဲ့သည်။

အသက် ၃၃ နှစ်ရှိ ဆွာရက်ဇ်သည် အက်သလက်တီကိုသို့ ယူရို ၆ သန်းဖြင့် ပြောင်းပြီးနောက် ပထမဆုံးကစားသည့်ပွဲတွင် ၂ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးနိုင်ခဲ့ပြီး တာထွက်ကောင်းခဲ့သည်။

ကိုးမန်းက “ဆွာရက်ဇ်နဲ့ ကိစ္စမှာတော့ သူ့အတွက် ပွဲထွက် ကစားဖို့ အရမ်းခက်ခဲခဲ့ပါတယ်။ ပြီးတော့ သူ့ကိုလည်း ကျွန်တော် သိအောင် ပြောခဲ့တယ်။ သူ့အတွက် ဒါက အရမ်းခက်ခဲခဲ့တယ်။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူ ပုံမှန်အတိုင်းဘဲ လေ့ကျင့်ခန်း ကောင်းကောင်းဆင်းတယ်။ နောက်ဆုံးတော့ ထွက်ခွာဖို့ သူ ရွေးချယ်ခဲ့တယ်။  ဘယ်လိုအကြောင်းကြောင့်ဘဲ ဖြစ်ဖြစ် မထွက်ဘူးဆိုရင် ဒီအု်ပစုမှာဘဲ မင်း ဆက်ရှိနေမယ်၊ ပြီးရင် ကျွန်တော် မှားကြောင်း သက်သေပြနိုင်မယ်လို့ ကျွန်တော် ပြောခဲ့တယ်။ သူ ဒီမှာ ဆက်ရှိနေခဲ့သင့်တာပါ။ လူးဝစ်နဲ့ ကျွန်တော် အားလုံးအဆင်ပြေပါတယ်။ ဒါပေမယ့် ကလပ်က အသင်းကို ပြောင်းလဲ တည်ဆောက်ဖို့ လိုအပ်နေပြီလို့ ယုံကြည်နေတယ်။ အခုအသင်းမှာ ရှိတဲ့ အန်ဆူးဖာတီဆိုရင် ၁၇ နှစ်ဘဲ ရှိသေးတယ်။ ပီဒရီဆိုရင်လည်း ၁၇ နှစ်ပါ။ အခွင့်အရေးရနေကြပါတယ်။ ရော်နယ်အရူဂျိုဆိုရင်လည်း ၂၁ နှစ်ဘဲ ရှိသေးတယ်။ ထရန်ကာအိုက အသက် ၂၀ နှစ်ရှိပြီ။ ကျွန်တော်တို့ ခေါ်ယူခဲ့တဲ့ ဆာဂျီနို ဒက်စ်ဆိုရင် ၁၉ နှစ်ပါ။ ဒီကစားသမားတွေ အားလုံးက အနာဂတ်အတွက် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ကွင်းတွင်း/ကွင်းပြင် ၎င်းနှင့် ခင်မင်သည့်အပြင် ဘာစီလိုနာတွင် အောင်မြင်မှုများစွာ ရယူထားသည့် ဆွာရက်ဇ်ကို အသင်းမှ ကန်ထုတ်မှုအတွက် ဘာစီလိုနာကို အပြင်းအထန် ဝေဖန်မှု ပြုလု်ပခဲ့သည်။

ကိုးမန်းက ဘာစီလိုနာအသင်းခေါင်းဆောင်၏ စိတ်ပျက်မှုကို နားလည်ကြောင်းနှင့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဖြစ်ကြောင်း ပြောကြားသွားသည်။

မက်ဆီသည်လည်း နွေရာသီတုန်းက ဘာစီလိုနာမှ ထွက်ခွာရန် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ၎င်း၏ စာချုပ်မှာ တစ်နှစ်သာ ကျန်တော့ပြီ ဖြစ်ပြီး အနာဂတ် မရေမရာ ဖြစ်နေသည်။

Facebook Comments Box
Facebook Comment