ဆွာရက်ဇ်နှင့်တွဲကာ ကြောက်စရာကောင်းသည့် တိုက်စစ်အတွဲအဖြစ် ဖော်ဆောင်ရန် ကော့စတာ မျှော်လင့်နေ

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဒီယေဂိုကော့စတာသည် လူးဝစ်ဆွာရက်ဇ် တွဲကာ အက်သလက်တီကိုတိုက်စစ်ကို ဦးဆောင်ရန် ဆန္ဒပြင်းပြနေပြီ ဖြစ်သည်။ ကြားရက်ကမှ ဘာစီလိုနာမှ ပြောင်းလာခဲ့သည့် လူးဝစ်ဆွာရက်ဇ်သည် တနင်္ဂနွေနေ့တုန်းက ဂရန်နာဒါအား ၆-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဒီယေဂိုကော့စတာ လူစားဝင်ရောက်လာပြီးနောက် ပွဲချိန် မိနစ် ၂၀ ကစားချိန်အတွင်းတွင်ပင် နှစ်ဂိုး သွင်းကာ တစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့သည်။

လူးဝစ်ဆွာရက်ဇ်သည် ၂၁ ရာစုအတွင်းတွင် အက်သလက်တီကိုအတွက် ပထမဆုံးကစားသည့်ပွဲတွင် ပထမဆုံး နှစ်ဂိုးသွင်းနိုင်သည့် ကစားသမားအဖြစ်လည်းကောင်း၊ ပထမဆုံးကစားသည့်ပွဲတွင် ဂိုးသွင်းမှု၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်းကောင်း သမိုင်း မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။

ကစားသမားဘဝတစ်လျှောက် ကြမ်းတမ်းစွာ ကစားတတ်သည့် တိုက်စစ်မှူးအဖြစ် နာမည်ကြီးသည့် ဒီယေဂိုကော့စတာသည် ကစားသမားဘဝတွင် ပြိုင်ဘက်ကို ကိုက်သည့် အပြုအမူများ လုပ်ခဲ့ဖူးသည့် လူးဝစ်ဆွာရက်ဇ်နှင့် အက်သလက်တီကို တိုက်စစ်ကို ဦးဆောင်ကာ တိုက်ပွဲများ ဝင်သွားရန် စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။

ဒီယေဂိုကော့စတာက “သူက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ နှစ်ဦးမှာ တစ်ဦးက ရန်ဖြစ်နိုင်ပါတယ်။ တစ်ဦးက ကိုက်နိုင်တယ်”ဟု ပြောကြားသွားသည်။ ဆွာရက်ဇ်သည် ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက အီတလီနောက်ခံလူ ချီရယ်လီနီကို ကိုက်ခဲ့ဖူးသည့်အပြင် ယင်းအပြုအမူမျိုးကို အေဂျက်စ်၊ လီဗာပူးတို့တွင် ကစားစဉ်ကလည်း ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။

ဆက်လက်ပြီး ဒီယေဂိုကော့စတာက ဘာစီလိုနာတွင် ခြောက်ရာသီ ကစားစဉ်အတွ၍်း ၁၉၈ ဂိုးအထိ သွင်းယူနိုင်ခဲ့သည့် လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့မှုအတွက် အက်သလက်တီကိုအတွက် အလွန်ကံကောင်းကြောင်း ပြောကြားသွားသည်။

ကော့စတာက “လူးဝစ်ကို ရလိုက်တာ အရမ်းကံကောင်းတယ်။ ဘာစီလိုနာဟာ ဘာကြောင့် သူ့ကို ထွက်ခွာခွင့်ပေးခဲ့သလဲ စဉ်းစားလို့ကို မရဘူး။ သူ့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်၊ ဆုဖလားဆာလောင်မှုတွေနဲ့အတူ ဂိုးတွေ အများကြီးသွင်းယူပြီး ကျွန်တော်တို့ကို ကူညီပါလိမ့်မယ်။ ပရိသတ်တွေအတွက် နောက်ထပ် ဆုဖလားတစ်လုံး ရယူဖို့ သူ ကူညီပေးနိုင်ဖို့ မျှော်လလင့်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုရဖို့ တစ်ပွဲချင်းစီ သွားရပါမယ်”ဟု ပြောကြားသွားသည်။

၂၀၁၄ ခုနှစ်တုန်းက အက်သလက်တီကိုအား လာလီဂါဖလား ရရှိအောင် ကူညီခဲ့ဖူးသည့် ဒီယေဂိုကော့စတာသည် ၂၀၁၈ ခုနှစ်တွင် ချဲလ်ဆီးမှ ပြန်လည် ရောက်လာပြီးနောက် ရုန်းကန်ခဲ့ရသူ ဖြစ်သည်။ ၎င်းက အက်သလက်တီကိုတွင် နေရာရရှိရေးအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ထွက်ခွာသွားမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment