ဆွန်ဟောင်မင်ကို တစ်ပတ် ပေါင် ၂ သိန်းဖြင့် သက်တမ်းတိုးရန် စပါးပိုင်ရှင် ခွင့်ပြု

ပရီးမီးယားလိဂ်ကလပ် စပါးသည် အသင်းအတွက် ခြေစွမ်းပြကစားနေသော တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်ကို သက်တမ်းတိုးနိုင်ရန် ကြိုးစားလျက်ရှိပြီး ယခုအခါ ပိုင်ရှင် ဂျိုးလူးဝစ်က တစ်ပတ် ပေါင် ၂ သိန်းဖြင့် သက်တမ်းတိုးနိုင်ရေး ခွင့်ပြုပေးခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

၂၀၁၅ ခုနှစ်တွင် လေဗာကူဆင်မှ ပေါင် ၂၂ သန်းဖြင့် ပြောင်းရွှေ့ကာ အာရှဈေးအကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသော ဆွန်သည် လန်ဒန်အခြေစိုက် ကလပ်အတွက် ပြိုင်ပွဲစုံ ၂၄၀ ပွဲတွင် ၉၅ ဂိုး သွင်းယူထားသည်။

ဆွန်သည် ၂၀၁၈ ခုနှစ်ကမှ ၂၀၂၃ ခုနှစ်အထိ ရှိနေမည့် ၅ နှစ် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုထားပြီး စာချုပ်ပြည့်ရန် ၃ နှစ် ကျန်နေသေးသည်။

သို့သော်လည်း ကလပ်တာဝန်ရှိသူများက ယခုရာသီ ပရီးမီးယားလိဂ် ၈ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၁၀ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားသော ဆွန်ကို သက်တမ်းတိုးနိုင်ရေးအတွက် ကမ်းလှမ်းထားသည်။

ယခုအခါ စပါးအသင်းပိုင်ရှင် ဂျိုးလူးဝစ်က အသက် ၂၈ နှစ်အရွယ် ဆွန်ကို တစ်ပတ်လစာ ပေါင် ၂ သိန်းပေး၍ သက်တမ်းတိုးမည့်ကိစ္စအတွက် သဘောတူခဲ့ပြီး ကလပ်တာဝန်ရှိသူများက မကြာမီ တရားဝင် ကမ်းလှမ်းသွားမည် ဖြစ်သည်။

နည်းပြမော်ရင်ညိုကလည်း ဆွန်၏ခြေစွမ်းကို ကျေနပ်အားရလျက်ရှိပြီး နှစ်များစွာအထိ အသင်းတွင် ဆက်ရှိစေလိုကြောင်း ပြောကြားဖူးသည်။

တောင်ကိုရီးယား အသင်းအတွက် ၈၇ ပွဲတွင် ၂၆ ဂိုး သွင်းထားသော ဆွန်သည် ၂၀၁၆-၂၀၁၇ ရာသီက စပါးအတွက် ဂိုးအများဆုံး သွင်းနိုင်သည့်ရာသီ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ၁၄ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၂၁ ဂိုးအထိ သွင်းနိုင်ခဲ့သည်။

Ref:sportslens

Facebook Comments Box
Facebook Comment