ဆေးလ်ဗား လုပ်ခဲ့သလို မလုပ်နိုင်ကြောင်း ကီဗင်ဒီဘရိုင်း ပြောကြား

မန်စီးတီးစတား ကီဗင်ဒီဘရိုင်းက ဒေးဗစ်ဆေးလ်ဗား၏နေရာတွင် အစားထိုး တာဝန်ယူရေးအတွက် ဖိအား မရှိကြောင်းနှင့် ၎င်းအနေဖြင့် ဆေးလ်ဗား စွမ်းဆောင်ခဲ့သကဲ့သို့ မလုပ်နိုင်ကြောင်း ပြောကြားလိုက်သည်။

မန်စီးတီးတွင် ဆယ်နှစ်ကြာ ကစားလာခဲ့သည့် ဒေးဗစ်ဆေးလ်ဗားသည် ယခုနွေရာသီတွင် မန်စီးတီးမှ ထွက်ခွာကာ ဆိုစီဒက်သို့ ပြောင်းခဲ့သည်။ သူသည် မန်စီးတီးအတွက် ၄၃၆ ပွဲ ကစားပေးခဲ့သည်။

မန်စီးတီးသည် ဆေးလ်ဗား ထွက်ခွာသွားသော်လည်း အစားထိုးမည့် ကစားသမား ခေါ်ယူခြင်း မပြုဘဲ ဖေးလ်ဖိုဒန်ကို ကွင်းလယ်တိုက်စစ်တွင် အသုံးပြုနေသည်။

ကီဗင်ဒီဘရိုင်းသည် ပြီးခဲ့သည့် ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အကြိမ် ၂၀ ဖန်တီးကာ တစ်ရာသီအတွင်း ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဟင်နရီနှင့်အတူ ရပ်တည်နေသည်။

ဒီဘရိုင်းက “ဒေးဗစ်ဆေးလ်ဗားက ကျွန်တော်တို့အတွက် အရမ်းကောင်းခဲ့တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဒေဓးဗစ်လုပ်ခဲ့သလိုမျိုး ကျွန်တော် ပြန်မဖန်တီးနိုင်ပါဘူး။ ကျွန်တော် အမြဲလုပ်သလိုဘဲ အသင်းကို ကူညီသွားပါမယ်။ ကစားသမားတိုင်းက ကိုယ်အရည်အသွေးနဲ့ကိုယ် ကစားကြပါတယ်။ ဒေးဗစ်က နေရာလွတ်ကျဉ်းကျဉ်းလေးတွမှာဖန်တီးရာမှာဆရာတစ်ဆူဆိုတော့ သူ့နေရာအစားထိုးဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အဲဒီလို လုပ်နိုင်တဲ့သူ ရှိတယ်လို့ ယုံကြည်ပါတယ်။ သေချာတာကတော့ သူက ကွင်းတွင်း/ကွင်းပြင် သတိရစရာဖြစ်နေပါမယ်”ဟု ပြောကြားသွားသည်။

ဆက်လက်ပြီး ကီဗင်ဒီဘရိုင်း “ကျွန်တော်(နေရာ)က ပြိုင်ဘက်ကစားပုံပေါ် မူတည်ပြီး ပြောင်းလဲ ပါတယ်။ ဝုဗ်က ခံစစ်သမားသုံးဦးနဲ့ ကစားတာဆိုတော့ နည်းပြက သူတို့ကို အမြင့်ဆုံးအနေအထားနဲ့ ဖိအားကစားစေပြီး ခံစစ်လုံခြုံဖို့အတွက် ကွင်းလယ်ခံစစ်ကစားသမားနှစ်ဦး သုံးခဲ့ပါတယ်။ ကျွန်တော်တို့မှာ အလယ်တန်းတိုက်စစ်သမားအများကြီး ရှိပါတယ်။ သူတို့ကို တိုက်စစ်မှာ ပိုမိုလိုက်ပါနိုင်အောင် ကျွန်တော် နည်းနည်းဆင်းကစားပေးပါတယ်” ဟု ပြောကြားသွားသည်။

ကီဗင်ဒီဘရိုင်းသည် ဝုဗ်အား ၃-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပင်နယ်တီမှ တစ်ဂိုးသွင်းယူကာ တစ်ကြိမ် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့သည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက ၁၃ ဂိုး သွ့င်းကာ ၂၀ ကြိမ် ဖန်တီးနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment