ဆောက်ဂိတ်ကို ထုတ်ပယ်ကာ ဝင်းဂါးနှင့် အစားထိုးရန် အင်္ဂလန်ပရိသတ်များ တောင်းဆို

အင်္ဂလန်ပရိသတ်များသည် ဂရေမီဆောက်ဂိတ်အား ထုတ်ပယ်ကာ အာစင်ဝင်းဂါးအား ခန့်အပ်ရန် အက်ဖ်အေကို တောင်းဆိုခဲ့သည်။ အင်္ဂလန်ပရိသတ်များသည် ဝင်ဘာလေကွင်းတွင် ဒိန်းမတ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဆောက်ဂိတ်ကို ထုတ်ပယ်ရန် တောင်းဆိုလာကြခြင်းလည်း ဖြစ်သည်။

ဒိန်းမတ်အား ရှုံးနိမ့်သည့်ပွဲတွင် အင်္ဂလန်သည် ပထမပိုင်း၌ မက်ဂွိုင်းယား အထုတ်ခံခဲ့ရသည်။ ဒိန်းမတ်သည် မက်ဂွိုင်းယားအထုတ်ခံရပြီးနောက် အနည်းငယ်အကြာတွင် ပင်နယ်တီရရှိခဲ့ပြီး ခရစ္စတီယန်အဲရစ်ဆင်က တစ်လုံးတည်းသော အနိုင်ဂိုးအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

အင်္ဂလန်သည် ၁၀ ဦးတည်းကျန်သည့် အချိန်တွင် အကောင်းဆုံးပုံစံ ရရှိရန် ပိုမို ရုန်းကန်လာခဲ့ရသည်။

ပရိသတ်များသည် ဂရေမီဆောက်ဂိတ်၏ ကစားသမားရွေးချယ်ပုံ၊ အသင်းခြေစွမ်းတို့အပေါ် စိတ်ရှည်ခြင်းမရှိတော့ဘဲ ထုတ်ပယ်ရန် တောင်းဆိုလာကြသည်။ အထူးသဖြင့် အင်္ဂလန်ပရိသတ်များသည် နောက်ဆုံး နိုင်ငံပွဲသုံးပွဲတွင် ခံစစ်ကစားသမား ၇ ဦးအထိ အသုံးပြုမှုအပေါ် မကျေမနပ် ဖြစ်နေသည်။ ပရိသတ်များက အသင်း၏အားသာချက်ဖြစ်သည့် တိုက်စစ်ကို ဦးစား မပေးဘဲ ခံစစ်ကိုအသားပေး လုပ်ဆောင်မှုအပေါ် မကျေမနပ် ဖြစ်နေသည်။ ၎င်းတို့က ဆောက်ဂိတ်ကို ထုတ်ပယ်ကာ အာစင်ဝင်းဂါးကို ခန့်အပ်ခြင်းက အင်္ဂလန်အတွက် အကောင်းဆုံးဖြစ်လာစေမည်ဟု ယုံကြည်နေသည်။ အသက် ၇၀ နှစ်ရှိ ဝင်းဂါးသည် ၂၀၁၈ ခုနှစ် နွေရာသီတွင် အာဆင်နယ်မှ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသည်။ ပြင်သစ်လူမျိုးနည်းပြက သင့်တော်သည့် ကမ်းလှမ်းမှု ရရှိလာလျှင် နည်းပြလောကသို့ ပြန်လည် ဝင်ရောက်မည်ဟု ပြောကြားထားသည်။

Facebook Comments Box
Facebook Comment