ဆုဖလားနဲ့ ကစားနိုင်မလား၊ မော်လက်ထဲက စပါး

ထွန်းထွန်းဦး(လှိုင်)

ပရီးမီးယားမှာ ရေပန်းစား စိတ်ဝင်စားစရာ ကောင်းနေတာက စပါး…

ဟုတ်ပါတယ်။

အခုတလော အများပါးစပ်ဖျားမှာ ပြောစရာစကားတွေနဲ့ မော်ရဲ့စပါးက ဆုဖလားတွေ အပိုင်စား ရသွားမလားတဲ့ …

ခိုးခိုးခစ်ခစ် ရယ်သံတွေ ကြားနေရပေမယ့် စပါးကတော့ ဖလားအနား တစ်မူထူးစွာ သွားနေတာက အပတ်စဉ်တိုင်း မဟုတ်ပါလားဗျာ။

ဘာဖြစ်ဖြစ် မော်ရဲ့စပါးကတော့ ဆုဖလားတွေနဲ့ ကစားနိုင်မလားဆိုတာ ကြည့်ဖြစ်လာကြပြန်တယ်။

လောလောဆယ်တော့ စပါးမှာ စကားကြွယ်တဲ့ မော်က တစ်နှစ်သားအရွယ် ရောက်ပြန်တယ် …

သူ့ရဲ့စီမံခန့်ခွဲမှုအားနဲ့ စပါးဟာ စိန်ခေါ်မှုမှန်သမျှကို ဒီရာသီ ပရီးမီးယားမှာ အကောင်းဆုံး လက်ခံတုံ့ပြန်နိုင်တဲ့ အနေအထားက အားရစရာ ဖြစ်နေခဲ့တယ် မဟုတ်ပါလား …

မှော်ဆရာအတွက်တော့ ဒီမြေ၊ ဒီရေဆိုတာ အသားကျပြီးသားဆိုပေမယ့် သူမြှင့်တင်ရမယ့် သားတပည့်ကျော်တွေရဲ့ စိတ်ဓာတ်ကိုတော့ ဖလားအနား အရောက်သွားဖို့ တော်တော် တွန်းတင်ရဦးမယ်။

အမှန်ပါပဲ။ ဖလားရ ကံမပါလာတဲ့ စပါးအတွက် မစ္စတာပို လက်ထက်မှာတောင် ဘယ်လောက်ကြိုးစားကြိုးစား ဒုတိယတန်းစား ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဆိုတော့ မော်အတွက် စပါးကို လိုရာရောက်ဖို့ သူပို့ဆောင်ရမယ့်ခရီးက ကံမလိုက်ရင် တော်တော်လေးတော့ ခက်မယ်။

ပရီးမီးယားဝင်္ကပါ ဆိုတာကလည်း ထောင်ချောက်တွေက အများသာရယ်။

ဘယ်လောက် အရှောင်အတိမ်းကောင်းကောင်း တစ်ကွေ့ကွေ့တော့ အထိနာတတ်ကြသေးတာပဲ မဟုတ်လား။

ချန်ပီယံပြေးလမ်းဆိုတာ အဆိပ်အတောက် တယ်ပြီး များသကိုး။ ဇယားထိပ်ဆုံးရောက်လိုက်တာနဲ့ လုပ်ကြံရေး မိနစ် ၉၀ တွေက မနာလိုစိတ်အပြည့်နဲ့ အသေသတ်ဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းတွေကလည်း မနည်းပါဘူး။

ဒီတော့ လုံခြုံရေးအပြည့်နဲ့ စပါးကို အောင်မြင်ရေးလမ်းမပေါ် မှော်ဆရာမော် ဘယ်လိုနည်းတွေနဲ့ တွန်းတင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။

လောလောဆယ်တော့ ဒိုဟာတီ (ကိုဗစ်ငြိ)၊ ဝင့်ခ်နဲ့ လာမယ်လာတို့ ဒဏ်ရာအသီးသီးထိထားတယ်၊ အနား သေးသေးလေး တောင်းတာမျိုးဖြစ်ပါစေလို့သာ ဆုတောင်းရမယ်။

အကြောင်းကတော့ မော်မှာ လက်နက်ကြီးတွေ ရှားတယ်။ ရှိတာနဲ့ သိမ်းပိုက်နေရတဲ့ တောင်ကုန်းတွေ များလာသလောက် ရှေ့မှာ ဆက်လက်သိမ်းပိုက်ရမယ့် တောင်ကုန်းတွေမှာ ပြိုင်ဘက်တွေက မော်အဖွဲ့ကို ဖြိုချဖို့ ကစားသမားကောင်းတွေနဲ့ အပြည့်စောင့်နေတယ်။

တည့်တည့်ကို တိုးတာလား၊ ဒါမှမဟုတ် ကံဆိုးတာလားတော့မသိ၊ ရှေ့တည့်တည့်မှာလာတွေ့နေတာက တကယ့် မဟာ့မဟာ ပြိုင်ဘက်တွေဖြစ်နေတဲ့ (အဆင့်လုကြမယ့်) အသင်းတွေချည်း ဖြစ်နေတာပါပဲ။

ဟုတ်ပါတယ်။

ပရီးမီးယားသီးသန့် ရှေ့ပွဲ ၂ ပွဲမှာဆိုရင် မော်အတွက် အထူးစိန်ခေါ်ပွဲတွေက စပါးကို စောင့်နေကြပြန်တယ်။

ဇယားထိပ်ဆုံးမှာ တည်မြဲနိုင်ရေးအတွက် နေရာလုကြရဦးမယ့် လန်ဒန်ဒါဘီ ထိပ်တိုက်တွေ့ဆုံပွဲအဖြစ် ချယ်လ်ဆီး၊ အာဆင်နယ်စတဲ့ အသင်းတွေနဲ့ ပွဲကျပ်တွေနွဲှဖို့ ရှိနေပါသေးတယ်။

၂ လတာအတွင်းမှာ စပါးအတွက် အတော်လေးကို စမ်းသပ်ခံရမယ်။ ဖလား အနားသွားရမယ့် ကံပါ၊ မပါဆိုတာ အဲ့ဒီမှာ တစ်ပါတည်း ကြည့်ရပါလိမ့်မယ်။

လန်ဒန်ဒါဘီ ၂ ပွဲပြီးရင် ပဲလေ့စ်နဲ့ လီဗာပူးပွဲတွေက ဆက်တိုက်ဆိုသလို အသင့်စောင့်နေသေးတယ်။

စပါးအတွက် ကာကွယ်ရေးပွဲတွေက လွယ်များ လွယ်ပါ့မလားပဲ။

ဒါတောင် ဒီလထဲမှာရှိနေတဲ့ အခြားပွဲတွေထဲမှာ ယူရိုပါလိဂ်တစ်ခုတည်း ရှိနေလို့သာ စပါးအတွက် ခံသာတယ်လို့ ဆိုရမယ်။

နို့မို့ဆိုရင် ဒီလမ်းမပေါ်မှာ စဉ်းတောင် မစဉ်းစားရဲပါဘူး။ အခုတောင်မှ စပါးအတွက် ရှိတဲ့အားနဲ့ တော်တော်လေးကို ရုန်းရမယ်။

နောက်တစ်ခုက ခေါ်ထားဖြစ်တဲ့ လူသစ်တွေအားလုံး မော်ရင်ညိုအတွက် အချိန်တိုအတွင်းမှာ အဆင်သင့်ဖြစ်နေစေတာက ပရီးမီးယားတစ်ခုတည်းမှာ အားသာသွားတဲ့အချက် ဖြစ်နေစေတယ်။

ပရီးမီးယားမှာ ခေတ်ထနေတဲ့ ဒဏ်ရာရပြဿနာ ကြီးထွားမှုနဲ့ စပါးငြိနေတာတောင် အခြားအသင်းတွေထက် ကစားသမားကောင်းတွေ ဘေးထွက်ထိုင်ရမှု နည်းနေတာကြောင့် အခြားအသင်းတွေနဲ့ယှဉ်ရင် အဲ့ဒီအပိုင်းမှာလည်း ဖိအားလျော့တယ်။

လူကောင်းတွေထဲမှာ အဓိကကျတဲ့ ဒေါက်တိုင်တွေ အထိမနာသးဘူး။ အထူးသဖြင့် ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့နှစ်ယောက်သား ဘာအပြစ်အနာအဆာမှ မရှိသေးသမျှ ကာလပတ်လုံး စပါးဟာ ပြိုင်ဘက်ကို ကောင်တာတိုက်စစ်နဲ့သတ်ဖို့ အမြဲချောင်းနေလိမ့်မယ် ဆိုတာပါပဲ။

မော်ရင်ညိုကတော့ ရှင်းတယ်။ သူ့မူအတိုင်းပဲ၊ ခံစစ်ကို အသေတပ်ဆင်မယ်၊ ပြီးရင် လွတ်ကွက်ရှာမယ်၊ မြန်ဆန်တဲ့ တိုက်စစ်သမားတွေနဲ့ အဆုံးသတ်ကောင်းကောင်းကို အသုံးချမယ်။

ဒါပါပဲ၊ ပရီးမီးယားမှာ သူကျင်လည်လာခဲ့သမျှ အဲ့ဒီဟန်နဲ့သာ ခရီးသွား၊ ဖလားယူပြခဲ့တာ ကြာပေါ့။

အခုလည်း စပါးမှာ ဒီအတိုင်းသွားတယ်။ ၄-၃-၃၊ ၄-၂-၃-၁ ပုံစံအောက်မှာ လူပြောင်းပေမယ့် မူကတော့ ဒီပုံစံပါပဲ။

ဆွန်ရဲ့ပါးနပ်မှု၊ မြန်ဆန်တဲ့ တိုးအား၊ တိကျတဲ့ ကန်သွင်းချက်တွေအပြင် ဟာရီကိန်းရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ ဖန်တီးရှင် စွယ်စုံတိုက်စစ်မှူးကြောင့် စပါးမှာ လိုအပ်တဲ့ ဂိုးတွေ ရနေခဲ့တာပါပဲ။

ဆွန်ကလည်း ဆွန်ပါပဲ၊ တကယ်တော်တဲ့ အာရှသားပါ၊ သူ့တိုးအားနဲ့ သွားနိုင်သလောက်သွားတယ်၊ ရုန်းတယ်။ တိုးတယ်။ ပြေးတယ်၊ ကန်တယ်၊ ချိတ်ဆက်နိုင်သမျှ၊ ပတ်သက်နိုင်သမျှ ဂိုးရဖို့ သူပွဲတိုင်း ကြိုးစားပြနေတယ်။

စပါးမှာ သူ့သွင်းဂိုးက ၉ ပွဲမှာ ၉ ဂိုး၊ ကိန်းက ၇ ဂိုး၊ ဖန်တီးပေးနိုင်မှုမှာ ကိန်းက အသင်းအတွက် ဂိုးရဖို့ ဖန်တီးပေးထားတာ ၉ ကြိမ်အထိရှိတယ်။ နှစ်ယောက်တည်းနဲ့ ပြိုင်ဘက်တွေကို လှော်နေတာ ကြာပေါ့။

စပါး ပရီးမီးယားလိဂ်မှာသွင်းထားတဲ့ စုစုပေါင်း ၂၁ ဂိုးမှာ ၁၆ ဂိုးက ကိန်းနဲ့ဆွန် စွမ်းဆောင်နိုင်ခဲ့လို့ ရခဲ့တဲ့ဂိုးတွေချည်းပါပဲ။

ဒီဒေါက်တိုင် ၂ တိုင် ပြုတ်ထွက်သွားလို့ မရဘူး။ အလီက မစ္စတာပို လက်ထက်ကလောက် အရေးမပါတော့ဘူး။

အငှားနဲ့ ဘေးလ် ၊ ဘာ့ဂ်ဝင်းရဲ့ဘေးမှာ အသင့်ရှိတယ်၊ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ၊ လိုအပ်မှ ထုတ်သုံးတဲ့ မူဝါဒ သဘောကျတယ်။ ဆရာကြီးမလိုဘူး။ ပေးဆပ်အနစ်နာခံသူတွေပဲ လိုတယ်။

အယ်လ်ဒါဝီရယ်ဘေးမှာ ဒိုင်ယာ ခံစစ်အတွင်းလူစစ်စစ် ဖြစ်သွားတယ်။ အစက အသားမကျပေမယ့် နောက်ပိုင်းမှာ မဆိုးဘူးအဆင့် ဖြစ်လာတယ်။ (မော်ရင်ညို ဘေးကနေ မီးထိုး၊ မီးတိုက်၊ ဆူညံပူညံ လုပ်ပေးနေရတုန်း)

ကွင်းလယ်မှာဆိုရင်လည်း အန်ဒွန်ဘီလီနောက်က ဟော့ဘာ့ဂ်ချ်နဲ့ ဆစ်ဆိုကို ထောက်ထားသမျှတော့ တိုက်စစ်နဲ့ ခံစစ်အတွက် ဒီ အကြမ်းစား လူမိုက်ကြီး ၂ ယောက်ကို ပြိုင်ဘက်တွေ ဖြတ်ကျော်ဖို့ ခက်နေလိမ့်မယ်။

ခေါင်းဆောင် ဂိုးသမား လော်ရစ်ရဲ့နိုင်လိုစိတ်နဲ့ အသင်းသားတွေအပေါ် အော်ဟစ်ကြိမ်းမောင်းနေသမျှတော့ စည်းလုံးမှုနဲ့ ညီညွတ်စွာစုဖွဲ့ထားနိုင်တဲ့ စပါးနိုင်ငံတော်ဟာ သွေးကွဲဖို့ မဖြစ်နိုင်လောက်တော့ပါဘူး။

တစ်ယောက်အထာ တစ်ယောက်နားလည်ပြီး မိတ်ဆွေရင်း စစ်စစ်တွေရဲ့သိနားလည်မှုဟာ ရန်ပွဲအသွင်ကနေပြီး ညီအစ်ကိုရင်းပမာ တွဲလက်ညီညာခဲ့တာ ဆွန်နဲ့ လော်ရစ် အဖြစ်က သက်သေမဟုတ်ပါလား။

အဲ့ဒီနောက်မှာ စပါး ရှေ့ကိုတိုးထွက်လာတာ အားလုံးအမြင်ပါ။

ပြီးတော့ စပါး ဒီနှစ်မှာ ကွင်းသစ်ကြီးထဲ အလုပ်တော်တော်လုပ်ဖြစ်တယ်။ ဘေးက မီဒီယာဝန်းရံမှုကလည်း အတွင်းသတင်းတွေကအစ ဇာတ်ကွက်နဲ့ ကောင်းကောင်း ရိုက်ထုတ်ဖြစ်တယ်ဆိုတာပါ ထည့်ပြောဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ယူရိုပါလိဂ်ကို မငဲ့ဘဲ အခြားဖလားမှာ ကစားတာတွေကို လိုအပ် သလောက်ပဲ အားထည့်ပြီး ပရီးမီးယားကိုသာ ဇောင်းပေးပြီး စပါးအတွက် အပြေးပြိုင်ခဲ့ရင်တော့ ဒီနှစ်မှာ မှော်ဆရာမော်ရဲ့စပါးဟာ ဖလားနဲ့ကစားဖို့ ရှိနေလိမ့်မယ်ဆိုတာပါပဲ။

ကံသေကံမ မဟုတ်ပေမယ့်လည်း ဒီ ၂ လတာနဲ့ဇန်ဝါရီ အပြောင်းအရွှေ့ဇာတ်လမ်းမှာ လိုအပ်တာကို ထပ်ဖြည့်ဖို့ အသင့်ဖြစ်နေမယ်ဆိုရင် စပါးဟာ သူတို့နိုင်ငံတော်အတွက် မရဖူးသေးဘဲ ဝေးနေတဲ့ ပြည်တွင်း အမှတ်ပေးချန်ပီယံဆုဖလားကို ရအောင်ယူပြနိုင်ဖို့ ရှိနေမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Facebook Comments Box
Facebook Comment