
ဆီမြွန်နီ လက်ထက် အက်သလက်တီကို၏ အသားတင် အပြောင်းအရွှေ့ အသုံးစရိတ်မှာ တစ်နှစ်လျှင် ယူရို ၁၅ သန်းသာရှိ
နည်းပြဒီယေဂိုဆီမြွန်နီလက်ထက် အက်သလက်တီကိုမက်ဒရစ်၏တစ်နှစ်လျှင် အသားတင် အပြောင်းအရွှေ့အသုံးစရိတ်မှာ ယူရို ၁၅ သန်းမျှသာ ရှိကြောင်း သိရသည်။
အာဂျင်တီးနားလူမျိုးနည်းပြသည် ၂၀၁၁ ခုနှစ်တွင် အက်သလက်တီကိုသို့ ရောက်လာသူဖြစ်ပြီး မက်ဒရစ်အခြေစိုက်ကလပ်အား ကိုင်တွယ်သည့် ကာလအတွင်းတွင် အသားတင် အပြောင်းအရွှေ့အသုံးစရိတ်စုစုပေါင်းမှာ ယူရို ၁၃၇ သန်းသာ အသုံးပြုခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်သည် ဒီယေဂိုဆီမြန်နီ ကိုင်တွယ်သည့် ကိုးနှစ်တာ ကာလအတွင်းတွင် အပြောင်းအရွှေ့စရိတ် စုစုပေါင်း ယူရို ၉၈၉.၃၅ သန်းသုံးစွဲခဲ့သော်လည်း ကစားသမားရောင်းချမှုမှ ယူရိုသန်း ၈၅၀ အထိ ပြန်လည်ရှာဖွေနိုင်ခဲ့သည်။

ယင်းအထဲတွင် အက်သလက်တီကို၏အဓိကကစားသမားများဖြစ်ကြသည့် ဂျူအန်ဖရန်တောရက်စ်၊ ဒီယေဂိုဂိုဒန်၊ ဂါဘီဖာနန်ဒက်ဇ်တို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပေးခဲ့ရမှု မပါဝင်ချေ။
သို့ရာတွင် အက်သလက်တီကိုသည် အန်တိုနီဂရက်ဇ်မန်းကို ဘာစီလိုနာသို့ ရောင်းချမှု၊ ရိုဒရီအား မန်စီးတီးသို့ ရောင်းချမှုမှ ငွေကြေးများစွာ ရရှိခဲ့သည်။
အခြားတစ်ဖက်တွင် ဒီယေဂိုဆီမြွန်နီသည် အက်သလက်တီကိုအား ကိုင်တွယ်နေစဉ်အတွင်း ၂၀၁၈ ခုနှစ်တုန်းက မိုနာကိုမှ သောမတ်စ်လီမာကို ယူရိုသန်း ၆၀ ဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် နွေရာသီတုန်းက ဘင်ဖီကာမှ ဂျိုအာအိုဖီးလစ်စ်အား ယူရို ၁၂၆ သန်းအထိပေးကာ ခေါ်ယူအားဖြည့်မှုလည်း ပြုလုပ်ခဲ့သည်။
အက်သလက်တီကိုသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလပ်ဝင်ငွေကို ထိခိုက်မှုနှင့်အ တူ ယခုနွေရာသီတွင် အဓိကကစားသမားများကို ရောင်းချမည်မဟုတ်သည့်အပြင် ထိပ်တန်းခေါ်ယူမှုလည်း ပြုလုပ်သွားဖွယ်မရှိဘဲ ယမန်နှစ်အသင်းဖြင့်ပင် လာမည့် ၂၀၂၀-၂၁ ရာသီအား ကျော်ဖြတ်သွားဖွယ်ရှိနေသည်။
Ref: Marca