ဆီဗီလာကို မန်ယူ နိုင်မယ်လို့ ဗန်ပါစီ ခန့်မှန်း

ရော်ဘင် ဗန်ပါစီက ယနေ့ည မန်ယူ-ဆီဗီလာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲတွင် မန်ယူ အနိုင်ရမည် ဖြစ်ပြီး နှစ်ဖက်သွင်းဂိုး ၅ ဂိုးအထိ ရှိလာမည်ဟု ခန့်မှန်းလိုက်သည်။


ဆိုးလ်ရှား ဦးဆောင်သည့် မန်ယူသည် ပြီးခဲ့တဲ့အပတ်တုန်းက ကိုပင်ဟေဂင်ကို ကွာတားဖိုင်နယ်မှာအနိုင်ယူကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်လာတာဖြစ်ပြီး ဆီဗီလာမှာလည်း ပရီးမီးယားလိဂ်ကလပ် ဝုဗ်ကို အနိုင်ယူကာ ဆီမီးသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။


ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာရယူနိုင်ခဲ့သည့် မန်ယူသည် ၂၀၁၆-၁၇ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးဆုဖလားရရှိရေးအတွက် နောက်ထပ်နှစ်ပွဲသာကျော်ဖြတ်ရ တော့မည့်အခြေအနေမျိုးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ အခြားတစ်ဖက်မှာ ယူရိုပါလိဂ်ဖလားကို သုံးကြိမ်ဆက်ဆွတ်ခူးထားနိုင်သည့်ဆီဗီလာမှာလည်း ၁၉ ပွဲရှုံးပွဲမရှိရလဒ်ရယူထားရာ မန်ယူကို ကျော်ဖြတ်နိုင်သည့်အခွင့်အရေးများရှိနေသည်။


ဗန်ပါစီက‘‘ဆီဗီလာကအရမ်းတောင့်တင်းတဲ့အသင်းပါ။ယူရိုပါလိဂ်ဖလားကိုသုံးကြိမ်ဆက်ဆွတ်ခူးထားနိုင်တာကိုကြည့်ရင် သူတို့က စစ်မှန်တဲ့ဖလားတိုက်ပွဲဝင်သမားတွေဆိုတာမြင်နိုင်ပါ တယ်။ ဒီတော့ သူတို့က မန်ယူအနေဖြင့် အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဖြစ်နေပါတယ်။ အိုလေ(ဆိုးလ်ရှား)ကလည်း မန်ယူရဲ့လမ်းကြောင်းကို အကောင်းဆုံးမောင်းနှင်ပေးနေပါတယ်။ အခြားနည်းပြတွေလိုဘဲ သူဟာလည်း သူ့အတွက် အရေးပါတဲ့ကစားသမားတွေ ရွေးချယ်ပြီး ယုံကြည်မှုမြင့်မားလာအောင် လုပ်ပေးနေပါတယ်”
“အဲဒီအထဲမှာ အသက် ၁၈နှစ်ဘဲ ရှိသေးတဲ့ မာဆင်ဂရင်းဝုဒ်လည်း ပါဝင်ပါတယ်။ မန်နေဂျာကသူ့ကို ယုံကြည်မှုတွေပေးနေပါတယ်။ သူဟာ အန်တိုနီမာရှယ်ကိုလည်းပေးတယ်။ မားကပ်စ်ရှပ်ဖို့ဒ်ကိုလည်းပေးတယ်။ ပေါလ်ပေါ့ဘာနဲ့ဘရူနိုဖာနန်ဒက်စ်ကိုလည်းပေးပါတယ်။ ဒီကစားသမားတွေကဘဲ အသင်းကို ဦးဆောင်နေပါတယ်။ သူတို့ဟာ နည်းပြဆီကရရှိတဲ့ယုံကြည်မှုနဲ့အတူ တောက်ပနေကြပါတယ်။ ဒါကြောင့်ဘဲ သူတို့ဟာ ယူရိုပါလိဂ်မှာ ရေပန်းစားတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့တာပါ”
“မဝေးတော့တဲ့ကာလမှာသူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်သူစာရင်းမှာပါဝင်လာပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ဒါတွေအားလုံးက ဘရူနိုဖာနန်ဒက်စ် ရောက်လာမှ ဖြစ်လာခဲ့တာပါ။ သူက မန်ယူရဲ့အင်ဂျင်ပါ။ ပေါ့ဘာဟာ သူနဲ့တွဲကစားရတာပျော်နေတယ်။ သူတို့ကပွဲကို ဦးဆောင်တဲ့သူတွေပါ။ ရှေ့တန်းကစားသမားသုံးယောက်အတွက် ပေါ့ဘာ(သို့မဟုတ်)ဘရူနိုတို့ဆီက ဂိုးရနိုင်တဲ့အခွင့်အရေးတွေက ဘယ်အချိန်မှာမဆို လုပ်ဆောင်လာနိုင်ပါတယ်”
“အရင်တုန်းကမန်ယူမှာကမ္ဘာ့အလယ်တန်းကစားသမားဆိုလို့ ပေါ့ဘာတစ်ယောက်တည်းဘဲ ရှိပါတယ်။ အခု သူတစ်ယောက်တည်းဘဲ တစ်သင်းလုံးကို ပိုကောင်းအောင် လုပ်ရတာမျိုး မဟုတ်တော့ပါဘူး။ ဆီဗီလာရဲ့ကစားပုံကလည်း ကောင်းတယ်။ ကစားပုံအရမ်းညက်တယ်။ နည်းစနစ်ကျတယ်။ မန်ယူကအခုအချိန်မှာ ပိုပြီးတော့ ကျစ်လစ်နေတယ်။ ကြံ့ခိုင်မှုလည်း ကောင်းနေတယ်။ ဒီပွဲအဆင်သင့်ဖြစ်နေတယ်ဆိုတာပြသနေတယ်”
“ကျွန်တော်ကတော့ မန်ယူနိုင်မယ်လို့ဘဲ ထင်တယ်။ ဒါပေမယ့် ဆီဗီလာကလည်း အရမ်းကောင်းတဲ့အသင်းဆိုတော့ မန်ယူကကပ်ပြီးတော့ဘဲ နိုင်ပါလိမ့်မယ်။ မန်ယူ၃-၂ဆီဗီလာဖြစ်လာပါမယ်”ဟု ခန့်မှန်းသွားခဲ့သည်။

Facebook Comments Box
Facebook Comment