ဆိုးလ်ရှား နေရာပေးတွန်းတင်မယ့် ယူနိုက်တက်ရဲ့ နောက်ထပ် အနာဂတ်ကြယ်ပွင့်

ထွန်းထွန်းဦး(လှိုင်)

အခုတလော မန်ချက်စတာ မြို့တော်အခြေစိုက် နှစ်သင်းနဲ့ပတ်သက်ပြီးတော့ ပြောစရာတွေ ရှိနေတယ်။ တစ်ခုက မန်စီးတီးဖြစ်တယ်။

ပြည်တွင်းဖြစ် အမှတ်ပေးဖလား ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ တာစူနေသလို အမှတ်တွေလည်း ရသလို ဖြတ်တောက်ချနေတဲ့ မန်စီးတီးရဲ့အနေအထားဟာ ပြောစရာများနေပါတယ်။

တစ်ဖက်မှာလည်း မန်ချက်စတာယူနိုက်တက်ရဲ့လူငယ်မျက်နှာသစ် တိုးထွက်လာမှု အတိုင်းအတာဟာ အခုလောမှာ သတင်းသမားတွေအတွက် စိတ်ဝင်စားစရာဖြစ်လာသလို ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ် ရောက်အောင်လို့ တွန်းတင်နေတဲ့ ဆိုးလ်ရှားကြောင့်လည်း သူတို့လေးတွေအဖို့ နေရာတစ်ခုကို ယူနိုက်တက်ရဲ့အနာဂတ် မျိုးဆက်သစ်ရဲ့မှတ်တိုင်တစ်ခုမှာ နေရာရဖို့ ရှိနေကြမလားဆိုတာ ဖြစ်လာတယ်။

ဥပမာ- ငယ်ငယ်ရွယ်ရွယ်နဲ့ လူသိများ ထင်ရှားလာတဲ့ ရပ်ရှ်ဖို့ဒ်လိုမျိုးပေါ့။

ယူနိုက်တက်အကယ်ဒမီမှာ ကစားနေကြတဲ့ မျိုးဆက်သစ် ဘောလုံးသမားငယ် တော်တော်များများက အတုယူလို့ကောင်းတဲ့ စံပြထား ဘောလုံးသမားအဖြစ် ရပ်ရှ်ဖို့ဒ်ကို အားကျနေကြပြီး သူ့လိုဖြစ်ထွန်းအောင် အိပ်မက်တွေ အကြီးကြီး မက်နေကြတယ်။

အဲ့ဒီအထဲမှာ ရှိုလာရှိုရီတိုင်ယာဆိုတဲ့ ဘောလုံးသမားငယ်လေးလည်း ပါတယ်။ အခုမှ ၁၇ နှစ်သားပဲ ရှိသေးတယ်။

သူဟာ ယူနိုက်တက်အကယ်ဒမီထွက် ဘောလုံးသမားဖြစ်တယ်။

မိခင်ကလပ်စစ်စစ်ကတော့ WALLSEND BOYS CLUB ဖြစ်သလို နယူးကာဆယ်အကယ်ဒမီမှာလည်း ရင်ငွေ့ခိုလှုံခဲ့ဖူးသူဖြစ်တယ်။

အခုဆိုရင် သူ ယူနိုက်တက်အကယ်ဒမီကို ရောက်လာတာ ၆ နှစ်ကျော် ၇ နှစ်နီးပါးလောက်ရှိနေပြီ ဖြစ်တယ်။

စီနီယာအသင်းကြီးမှာ ပါဝင်ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ချက်အိပ်မက်ကတော့ ယူနိုက်တက် လူငယ်အကယ်ဒမီကျောင်းသားတိုင်း မျှော်လင့်ဖြစ်တဲ့ ရည်မှန်းချက်တစ်ခုပါ။

အခုတော့ အဲ့ဒီရည်မှန်းချက်ဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲရောက်မှပဲ ရှိုလာအတွက် အထမြောက်ခဲ့ရတယ်။

အင်္ဂလန်နဲ့ မန်ချက်စတာမှာတော့ ရှိုလာဟာ ဘယ်လိုကစားသမားမျိုးလဲဆိုတာ လူတိုင်း မဟုတ်တာတောင် တော်တော်များများ သိကြပေမယ့် ဒီမှာတော့ လူသိနည်းကြပါတယ်။

သိတဲ့သူအချို့ရှိကြပေမယ့် အများစုကတော့ နာမည်ကြားရုံ၊ တီးခေါက်မိရုံလောက်ပဲရှိမယ်ထင်တယ်။

ယူနိုက်တက်ကို အားပေးတဲ့ ပရိသတ်စစ်စစ်တွေကတော့ ဒီကလေးအကြောင်း ကျွန်တော်မပြောခင်တည်းက သိနေကြပြီးသား ဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီကလေးက သူ့အရွယ်၊ သူ့အဆင့်မှာ တစ်ချိန်တုန်းက ရပ်ရှ်ဖို့ဒ် အောင်မြင်ခဲ့သလိုမျိုး၊ ထွန်းပေါက်ခဲ့သလိုမျိုး ကျော်ကြားနေခဲ့သူ ဖြစ်နေလို့ပါပဲ။

ယူနိုက်တက် လူငယ်အသင်းတွေဖြစ်တဲ့ ယူ-၁၇၊ ယူ၁၈ နဲ့ ယူ-၂၃ လို နေရာမျိုးတွေမှာ သူဟာ အရွယ်နဲ့မလိုက်အောင် ကစားအားနဲ့ သိတတ်နာယူမှုတွေကအစ အသင်းကြီးမှာ ကစားနေတဲ့ သူတွေလိုမျိုး ပါးနပ်မှု၊ ကိုယ်ဟန်အနေအထားနဲ့ ကြံ့ခိုင်မှုကအစ အသင့်ဖြစ်နေတဲ့ ထွန်းတောက်ကြယ်ပေါက် ရှိုလာကို ဆိုးလ်ရှားက မျက်စိကျလာတယ်။

အင်္ဂလန်မှာမွေးပြီး နိုင်ဂျီးရီးယားနွယ်ဖွားဖြစ်သလို သူဟာ NEWCASTLE UPON TYNE အရပ်သားစစ်စစ် ဖြစ်တယ်။

နယူးကာဆယ်နဲ့ပွဲမှာတော့ သူအားကျလေးစားတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲဝင်ကစားခွင့် ရခဲ့သလို မီဒီယာတွေရဲ့မျက်စိကျနေတဲ့ လူငယ်ပီပီ ရတဲ့အချိန်အတောအတွင်းမှာ လုပ်နိုင်သမျှကို စိတ်အေးလက်အေးနဲ့ လုပ်ပြနိုင်ခဲ့တယ်။

၈၉ မိနစ်မှာ လူစားဝင်ကစားခဲ့ရပေမယ့် သူ့နောင်တော် ရပ်ရှ်ဖို့ဒ် ရုန်းသလိုမျိုး ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ သူဟာ ဘယ်ခြမ်းကနေပြီးတော့ အသင်းကြီးမှာရှိတဲ့ စီနီယာ ကစားဖော်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်ခဲ့တယ်။

လူငယ်အသင်းတွေကလောက် သူ့ကစားဟန်က ထင်ပေါ်နေတာမျိုး သိပ်မရခဲ့ပေမယ့် ပရိသတ်တွေအတွက်တော့ အဆင်ပြေတယ်လို့ပဲ ပြောရမယ်ထင်တယ်။

ဒီအချိန် ခဏတာအတွင်းလေးမှာ ဖိအားမရှိဘဲနဲ့ ရသလို လိုက်ကစားပြီး ဘောလုံးနဲ့အတူ လုပ်နိုင်ခဲ့တာဟာ တာထွက်မဆိုးဘူးလို့ပဲ သုံးသပ်ချင်တယ်။

ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်လည်း ပွဲအပြီးမှာ သူ့ကို ပိုပိုပြီးတော့ ကောင်းလာဦးမယ့်သူအဖြစ် ချီးကျူးစကားတွေ ပြောခဲ့တယ်။

နောက်တစ်ခုက သူ့ကို ဖိအားကင်းမဲ့ဇုန်ထဲထည့်ထားပြီး အတွေ့အကြုံကောင်းကို ပွဲတွင်းမှာ မိနစ်အနည်းငယ်ချပေးပြီး နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆိုးလ်ရှားစီမံပေးထားတဲ့ ပွဲထွက်အရသာဟာ ရှိုလာအဖို့တော့ မှတ်မှတ်ထင်ထင် ဖြစ်မယ်ထင်တယ်။

ဒီလိုမျိုးအတွေ့အကြုံဟာ ကစားသမားတိုင်း ငယ်ဘဝမှတ်တိုင်မှာ စိုက်ထူခဲ့တဲ့ ပထမဦးဆုံးနေ့ ဖြစ်နေတယ်။

ညာခြေသန်တဲ့ ရှိုလာအတွက်လည်း လုံးဝကို အမှတ်ရစရာဖြစ်နေခဲ့ပါပြီ။

ဆိုးလ်ရှားဟာ ဒဏ်ရာပြဿနာကို လူငယ်တွေနဲ့ အစားထိုးနေတာ ကြာပါပြီ။ အဆင်ပြေတာရှိသလို အဆင်မပြေတာလည်းရှိတယ်။

ဒါပေမဲ့ ပွဲတိုးခွင့် အတွေ့အကြုံကိုတော့ လူငယ်တိုင်းအတွက် အဆင်သင့်ရင် သင့်သလို ပေးနေခဲ့တာကလည်း သူ ယူနိုက်တက်မှာ နည်းပြချုပ်ဖြစ်လာတဲ့ အချိန်ကတည်းက ဆိုပါတော့။

ဂရင်းဝုဒ်၊ ဝီလျံတို့အပြင် အခုဆိုရင် လူသစ်တွေဖြစ်တဲ့ ရှိုလာနဲ့ အာမက်ဒီရယ်လိုတို့ ဆိုရင် အနာဂတ်အတွက် အားယူနေတဲ့ကြယ်တွေအဖြစ် ယူနိုက်တက်မှာ ထွက်ပေါ် လာပြီ ဖြစ်တယ်။

လူသစ် ဒီရယ်လိုကတော့ ယူနိုက်တက်ကို အခုမှ ရောက်တယ်။ သူ့အသက်အရွယ်နဲ့ မလိုက်တဲ့ အတွေ့အကြုံကလည်း ကြောက်စရာပါ။

အီတလီ စီးရီးအေကလပ် အတ္တလန္တာမှာ သူ့ရဲ့အကြောင်းက အသင်းကြီးတိုင်း လိုချင်စွဲမက်ဖွယ်ဖြစ်အောင် ခြေစွာခဲ့သူပါ။

လူငယ်တန်းမှာ နာမည်ကြီးသလို စီနီယာအသင်းကြီးမှာလည်း ရတဲ့ပွဲထွက်ခွင့်တိုင်း ခြေစွမ်းပြခဲ့တယ်။

ငယ်တယ်၊ ထူးချွန်တယ်၊ ကြိုးစားစိတ်အပြည့်နဲ့ ရှေ့တိုးထွက်လာတယ်။ မြန်တယ်။ သန်တယ်၊ ရဲစိတ်ရဲမာန် အပြည့်ရှိတယ်။

စီနီယာအသင်းကြီးမှာလည်း သူရုန်းနိုင်တာထက်ပိုပြီးတော့ အားထည့်ကစားပြနိုင်ခဲ့တာတွေ ရှိခဲ့တယ်။

ယူနိုက်တက်ကိုရောက်တော့ ယူ-၂၃ အသင်းမှာ ၃ ဂိုးသွင်းထားနိုင်ပြီဖြစ်သလို စီနီယာအသင်းကြီး ရောက်လာတော့လည်း ယူရိုပါလိဂ်မှာ ရှိုလာနဲ့အတူ သူဟာ ဆိုးလ်ရှားအကြိုက် အရွေးခံပြီး ခေါ်သွားတယ်။

ဂရင်းဝုဒ်အစား ၈၃ မိနစ်မှာ လူစားဝင်ကစားခွင့်ရတယ်။ ဘာပဲဖြစ်ဖြစ် သူလည်း အကောင်းဆုံးလုပ်နိုင်ခဲ့မှုတစ်ခုကို ယူနိုက်တက်မှာ ပြနိုင်ခဲ့တယ်။

နိုင်ပွဲရနေတဲ့ ယူနိုက်တက်မှာ သူပွဲထွက်ခွင့်ရခဲ့တာက ဖိအားမရှိပါဘူး။

ဝ-၃ နဲ့ နိုင်နေတဲ့ အခိုက်အတန့်မှာ လူစားဝင်ပြီး ကစားလိုက်ရတဲ့ အချိန်အတိုင်းအတာဟာ ဖိအားကင်းမဲ့ဇုန်အောက်မှာ လုပ်ချင်တာကို စိတ်အေးလက်အေးနဲ့ လုပ်နိုင်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ဘယ်နဲ့ညာ တောင်ပံတိုက်စစ်သမားအပြင် နောက်ချန်တိုက်စစ်သမားအဖြစ်ပါ အားကိုးရတဲ့ ဘယ်သန်လေးဖြစ်တယ်။

ပြီးတော့ ကစားဖော် ရှိုလာလိုမျိုး မြန်ဆန်တိကျပြီး မိမိအတွက်ရော ကစားဖော်အတွက်ပါ ဂိုးရအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းက ရှိနေတော့ နောက်လာမယ့် အနာဂတ်မှာ ဒီနှစ်ယောက်ဟာ ယူနိုက်တက်ရဲ့ တောင်ပံတစ်စုံ ဒါမှမဟုတ် (၄-၂-၃-၁/၄-၃-၃) ကစားကွက်ထဲမှာ ဘယ်နဲ့ညာခြမ်းမှာ ပါဝင်လာမယ့် မျိုးဆက်သစ် ထိုးစစ်တွေအဖြစ် မြင်ရလာနိုင်မလားဆိုတာ မျှော်ဖြစ်တယ်။

အခုတော့ ယုံကြည် ခြေတစ်လှမ်းအစတွေက ဆိုးလ်ရှားပေးတဲ့ အခွင့်အရေးအောက်မှာ လုပ်နိုင်တာထက် ပိုတဲ့ စွမ်းဆောင်မှုနဲ့ စိတ်ခွန်အားပေးမှုကို ရခဲ့ကြပြီဆိုတော့ သိပ်မကြာခင်မှာ ဒီကလေးတွေ ယူနိုက်တက်အတွက် အားကိုးရမယ့် အနာဂတ်ထွန်းတောက်ကြယ်တွေဖြစ်လာဖို့ ရှိနေပြီဖြစ်ကြောင်းပါ။

Facebook Comments Box
Facebook Comment