ဆာလက်အား ဘာသာရေးခွဲခြားဆဲဆိုမှုပြုလုပ်၍ ဝက်စ်ဟမ်းပရိသတ် သုံးနှစ်ပိတ်ပင်ခံရ

ဝက်စ်ဟမ်းပရိသတ်တစ်ဦးသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတုန်းက ပွဲတွင် လီဗာပူးစတား မိုဟာမက်ဆာလက်ကို ဘာသာရေးခွဲခြားဆဲဆိုမှု ပြုလုပ်ခဲ့မှုအတွက် ဘောလုံးပွဲ ကြည့်ခွင့် သုံးနှစ်ပိတ်ပင်ခြင်းခံခဲ့ရသည်။

အသက် ၄၈ နှစ်ရှိ ဘရက်ဒလေသွမ်ဝုဒ်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က လန်ဒန်ကွင်းတွင် ဆာလက်ကို ဘာသာရေးခွဲခြားဆဲဆိုမှုပြလုပ်ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံသွားခဲ့သည်။ သူသည် သုံးနှစ် ဘောလုံးပွဲ ကြည့်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည့် အပြင် ပေါင် ၄၀၀ ဒဏ်ရိုက်ခြင်းလည်း ခံခဲ့ရသည်။ ထို့အပြင် သူသည် ဆာလက်၏ ကုန်ကျစရိတ် ပေါင် ၁၂၅ ကိုလည်း စိုက်ပေးရမည် ဖြစ်သည်။

သူသည် လီဗာပူးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ကြောင်းကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့ရှိခဲ့ကြသည်။ သူသည် ယင်းပွဲတွင် ဆာလက်အား အစ္စလာမ်ဘာသာနှင့်ပတ်သက်၍ ရိုင်းစိုင်းစွာ ဆဲဆိုခဲ့သည်။ ယင်းဗီဒီယိုဖိုင်မှာ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့သွားခဲ့ပြီး ဝက်စ်ဟမ်းပရိသတ်၊ လီဗာပူးပရိသတ်များက အကြီးအပြင်းဝေဖန်ခဲ့ကြသည်။

ဝက်စ်ဟမ်းသည် ဘရက်ဒလေသွမ်ဝုဒ်၏ဘာသာရေး လူမျိုးရေးခွဲခြားမှုအမြင် ပြောင်းလဲလာစေ ရေးအတွက် ပညာပေးမှုများ ပြုလုပ်သွားရန် စီစဉ်နေသည်။

ဆာလက်နှင့် လီဗာပူးသည် လာမည့် စနေနေ့တွင် မာဆေးလ်ဒါဘီပွဲစဉ်အဖြစ် အဲဗာတန်နှင့် ရင်ဆိုင် ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment