ဆာလက်ရဲ့ပင်နယ်တီကြောင့်သာ တန်းတက်လိဒ်စ်ကို အနိုင်ရခဲ့တဲ့ ကြိုးကြာနီ

ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲမှာတော့ လက်ရှိချန်ပီယံ လီဗာပူးလ်ဟာ ချန်ပီယံရှစ်မှာ ဗိုလ်စွဲကာ တန်းတက်လာတဲ့ လိဒ်စ်ယူနိုက်တက်ကို ၄-၃ ဂိုးနဲ့ ခက်ခက်ခဲခဲ အနိုင်ရခဲ့ပါတယ်။

ဝါရင့်နည်းပြ ဘီယယ်ဆာရဲ့လိဒ်စ်ဟာ အန်ဖီးလ်မှာဖြစ်ပေမယ့်လည်း လီဗာပူးလ်ကို ရှိန်မနေဘဲ သူတင်ကိုယ်တင် ယှဉ်ကစားနိုင်တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့အကောင်းဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်။

ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဟန်ဒါဆန်၊ ဝိုင်နယ်ဒမ်၊ ဆာလက်၊ ဖာမီနို၊ မာနေးတို့ပါဝင်တဲ့ လီဗာပူးလ်ဟာ လူငယ်ကစားသမား အများစုနဲ့ တွန်းတွန်းတိုက်တိုက် ကစားသွားတဲ့ လိဒ်စ်ကိုအနိုင်ရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။

လီဗာပူးလ်နောက်တန်း ကစားပုံက အမှားများခဲ့ပြီး ဘမ်ဖို့ဒ်ရဲ့ဂိုးက ဗန်ဒိုက်ရဲ့အမှား၊ ကလစ်ချ်ရဲ့ဂိုးက အာနိုးရဲ့လက်ပစ်ဘောအမှားကနေ ပေးခဲ့ရတာဖြစ်သလို ဟာရစ်ဆင်သွင်းတဲ့ ပထမဂိုးကလည်း အာနိုး၊ ဂိုမက်ဇ်တို့ကို ကျော်ကာ လှလှပပ သွင်းယူခြင်း ခံခဲ့ရတာပါ။

လိဒ်စ်ကတော့ လက်ရှိချန်ပီယံကို မာမာထန်ထန် ဖိအားပေးနိုင်သလို တန်းတက်ဆိုပေမယ့်လည်း ယခင်လို ထိပ်တန်းဖျက်မြင်းအဆင့် ရှိနေဆဲဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဗလန်စီယာကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ရိုဒရီဂိုကတော့ ပွဲချိန် ၆၂ မိနစ်ကျမှ လူစားဝင်ကစားခွင့်ရခဲ့ပြီး သူ့ကြောင့် လီဗာပူးလ်က ပင်နယ်တီရကာ အနိုင်ဂိုးသွင်းယူသွားတာက စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပွဲအစ ၄ မိနစ်မှာ ဆာလက်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို ဂိုးသမားတည့်တည့်ကန်ကာ ကြိုးကြာနီအတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး ဒါဟာ စပါးတိုက်စစ်မှူးဟောင်း ရှရင်ဂမ်ရဲ့ပရီးမီးယားလိဂ် အဖွင့် ၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန်ကို လိုက်မီနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မထင်မှတ်ဘဲ ဂိုးပေးလိုက်ရတဲ့လိဒ်စ်က ပျာယာခတ်မသွားဘဲ အချိတ်အဆက်မိမိ ကစားကာ ၁၂ မိနစ်မှာ ကယ်ဗင်ဖိလစ် နောက်တန်းကနေ လှမ်းတင်ပေးတာကို ဟာရစ်ဆင်က ဘယ်တောင်ပံတစ်လျှောက် ဆွဲပြေးကာ ဂိုမက်ဇ်၊ အာနိုးတို့ နှစ်ယောက်ကြားကနေ ဘောလုံးကိုထုတ်ပြီး ဗန်ဒိုက်တားနေတဲ့ကြားက ဂိုးသမား အလစ်ဆန်ရဲ့ညာဘက်ထောင့်ထဲ အနိမ့်ကန်ကာ လိဒ်စ်အတွက် ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

မိနစ် ၂၀ မှာတော့ ဗန်ဒိုက်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာ ဒုတိယဂိုးသွင်းခဲ့ပေမယ့်လည်း နောက် ၁၀ မိနစ်အကြာမှာ သူ့ရဲ့ဖျက်ထုတ်ပုံ မသေသပ်မှုကတစ်ဆင့် တိုက်စစ်မှူး ဘမ်ဖို့ဒ်က ကန်သွင်းကာ ဧည့်သည်အတွက် ဒုတိယချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

၃၃ မိနစ်မှာတော့ ဆာလက်က ဂိုးဧရိယာထဲကနေ လက်စွမ်းပြနေတဲ့ ဂိုးသမား မက်စလီယာရဲ့ဘယ်လက်အပေါ်ထောင့်ထဲ အပြင်းကန်ကာ လီဗာပူးလ်အတွက် တတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှာ ဆာလက်တစ်ယောက်သာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဖာမီနိုနဲ့ မာနေးတို့ကတော့ ခြေစွမ်းမပြနိုင်သလို အပိုင်ဂိုးရခွင့်တွေကိုပါ ဖြုန်းတီးပစ်ခဲ့တာပါ။

၆၆ မိနစ်မှာတော့ အာနိုးရဲ့လက်ပစ်ဘောမြှောက်ပုံ မသေသပ်မှုကနေ ကော်စတာက ဘောလုံးရယူကာ ထိုးပေးတာကို ကလစ်ချ်က ဂိုးဧရိယာထဲက ကန်ကာ လိဒ်စ်အတွက် တတိယချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ဒီနောက်ပိုင်း လီဗာပူးလ်က တိုက်စစ်ဆင်ပေမယ့်လည်း လိဒ်စ်နောက်တန်းက အကောင်းဆုံး ခုခံကစားခဲ့လို့ အခက်တွေ့ခဲ့ရပြီး ၈၈ မိနစ်မှာ ဖာဘင်ညိုကို ရိုဒရီဂိုက ဂိုးဧရိယာအတွင်း ဥပဒေပကစားခဲ့လို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။

ဒါကို ဆာလက်ကပဲ အမှားအယွင်းမရှိကန်ကာ ၁၉၈၈-၁၉၈၉ ရာသီက ချာလ်တန်ဘက်ကို ဟက်ထရစ်သွင်းခဲ့တဲ့ ဂျွန်အယ်ဒရစ်နောက်ပိုင်း ရာသီအစ လိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး လီဗာပူးလ်ကစားသမား ဖြစ်လာပါတယ်။

အကြောက်အလန့်မရှိဘဲ အမှားနည်းနည်းနဲ့ ကစားသွားတဲ့ ဘီယယ်ဆာရဲ့လိဒ်စ်ကတော့ ၂၀၀၈ နိုဝင်ဘာလက မန်ယူကို ၃-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဟားလ်စီးတီးနောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံအသင်းကို အဝေးကွင်းမှာ ၃ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး တန်းတက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လူစာရင်း

လီဗာပူးလ်

ဂိုး – အလစ်ဆန်


နောက် – အာနိုး(မာတစ် – ၈၉)၊ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ ရောဘတ်ဆန်


လယ် – ကီတာ(ဖာဘင်ညို – ၅၈)၊ ဟန်ဒါဆန်(ကာတစ်ဂျုံးစ် – ၆၆)၊ ဝိုင်နယ်ဒမ်


ရှေ့ – ဆာလက်၊ ဖာမီနို၊ မာနေး

လိဒ်စ်

ဂိုး – မက်စလီယာ


နောက် – ဒါးလက်စ်၊ စထရု၊ ရော်ဘင်ကော့ချ်၊ လုခ်အိုင်လင်း


လယ် – ကယ်ဗင်ဖိလစ်၊ ဟာရစ်ဆင်၊ ကလစ်ချ်(ရှက်ကလီတန် – ၈၁)၊ ဟာနန်ဒက်ဇ်( ရောဘတ် – ၆၂)၊ ကော်စတာ


ရှေ့ – ဘမ်ဖို့ဒ်(ရိုဒရီဂို – ၆၂)

Ref:BBC

Facebook Comments Box
Facebook Comment