ဆန်ချို၊ ဘင်ချဲလ်ဝဲလ်နှင့် အေဘရာဟမ်တို့ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းကို ချိုးဖောက်

အင်္ဂလန်လက်ရွေးစင်ကစားသမားများ ဖြစ်ကြသည့် ဆန်ချို၊ ဘင်ချဲလ်ဝဲလ်နှင့် တမ်မီအေဘရာဟမ်တို့သည် စနေနေ့ညတုန်းက ပါတီပွဲတစ်ခုသို့ တက်ရောက်ကာ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်ခဲ့ကြကြောင်း သိရသည်။

အေဘရာဟမ်သည် အသက် ၂၃ နှစ်ပြည့် မွေးနေ့ပါတီကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီပွဲသို့ လူ ၂၀ ဦးခန့် တက်ရောက်ခဲ့ကြရာ ခြောက်ဦးထက် လူမစု ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်။ အေဘရာဟမ်သည် ပဲလေ့စ်ကို ချဲလ်ဆီးက ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီး နာရီ အနည်းငယ်အကြာတွင် မွေးနေ့ပါတီပွဲ ကျင်းခဲ့ခြင်းလည်း ဖြစ်သည်။

အေဘရာဟမ်က ချဲလ်ဆီးပွဲကစားပြီး၍ အိမ်သို့ ရောက်ချိန်တွင် သူ့အတွက် Surprise မွေးနေ့ပါတီပွဲ ကျင်းပထားကြောင်း တွေ့ရှိရခြင်း ဖြစ်ပြီး ခြောက်ဦးထက် ပို၍ လူမစုရ စည်းမျဉ်းကို ချိုးဖောက်မှုအတွက် တောင်းပန်ကြောင်း ပြောကြားသွားသည်။

ဗြိတိန်အစိုးရက ခြောက်ဦးထက်ပို၍ လူမစု ဥပဒေ ထုတ်ပြန်ထားရာ‌ အေဘရာဟမ်သည် ပေါင် ၁၀၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်သည့် အခြေအနေတွင် ရှိနေသည်။

၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းကို ချိုးဖောက်ခဲ့ကြသော်လည်း ဝေးလ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်တို့နှင့် အင်္ဂလန်အသင်းလူစာရင်းမှ ချန်လှပ်ခြင်း ခံရဖွယ် မရှိချေ။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် စက်တင်ဘာလ အစောပိုင်းတုန်းက ဂရင်းဝုဒ်နှင့် ဖိုဒန်တို့အား ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်ကာ အသင်းတည်းခိုရာ ဟိုတယ်သို့ အမျိုးသမီးငယ်နှစ်ဦးကို ခေါ်ယူမှုအတွက် အင်္ဂလန်အသင်းမှ ထုတ်ပယ်ခဲ့ဖူးသည်။ ဆောက်ဂိတ်သည် ယခုလအတွက် အင်္ဂလန်လူစာရင်းတွင် ဂရင်းဝုဒ်နှင့် ဖိုဒန်တို့အား ချန်လှပ်ထားခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်အသင်းနှင့် ဘင်ချဲလ်ဝဲလ်၊ ဆန်ချိုနှင့် အေဘရာဟမ်တို့ ပူးပေါင်းလာချိန်တွင် တွေ့ဆုံ ဆွေးနွေးသွားဖွယ်ရှိနေပြီး လိုအပ်ပါက အရေးယူမှု ပြုလုပ်သွားဖွယ်ရှိနေသည်။

Facebook Comments Box
Facebook Comment