
ဆန်ချို၊ ဖာတီ၊ ဟာလန်းတို့ကို ကျော်ဖြတ်ပြီး တန်ဖိုးအရှိဆုံး လူငယ်ကစားသမားအဖြစ် ဒေးဗီးစ် သတ်မှတ်ခံရ
ဘိုင်ယန်မြူးနစ် နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ်သည် ဥရောပ ထိပ်တန်းလိဂ် ၅ ခုအနက် တန်ဖိုးအရှိဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ပြီး ထိပ်တန်း ကစားသမားများအဖြစ် အများက သတ်မှတ်ထားသော ဆန်ချို၊ ဖာတီ၊ ဟာလန်းတို့ကို ကျော်ဖြတ်နိုင်ခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ၊ နျူချာတယ်မြို့တွင် ရုံးချုပ်ထားရှိသော CIES Football Observatory သည် အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ် စသည့် ဥရောပထိပ်တန်း ၅ နိုင်ငံမှ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားသော ဘောလုံးသမားများ၏ တန်ဖိုးကို တွက်ချက်ကာ တန်ဖိုးအရှိဆုံး လူငယ်ကစားသမား စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
CIES ၏ ထုတ်ပြန်ချက်အရ ဘိုင်ယန်မြူးနစ် ဘယ်နောက်ခံလူ အယ်ဖွန်ဆိုဒေးဗီးစ်က တန်ကြေး ယူရို ၁၈၀ ဒသမ ၄ သန်းဖြင့် တန်ဖိုးအရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက ယူရို ၁၂၅ ဒသမ ၆ သန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
တတိယနေရာတွင် ဘာစီလိုနာ တိုက်စစ်မှူး အန်ဆူဖာတီက ယူရို ၁၂၂ ဒသမ ၇ သန်းဖြင့်ရှိနေပြီး ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းက ယူရို ၁၂၀ ဒသမ ၃ သန်းဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။
ပရီးမီးယားလိဂ် ကစားသမားများအနက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်က ရပ်တည်မှုအကောင်းဆုံးအဖြစ် တန်ကြေး ယူရို ၁၁၅ ဒသမ ၃ သန်းဖြင့် အဆင့် ၅ နေရာတွင် ရှိနေသည်။
အောက်တိုဘာလကမှ အသက် ၁၉ နှစ်ပြည့်ခဲ့သော ဂရင်းဝုဒ်၏နောက် တန်ဖိုးအရှိဆုံး ပရီးမီးယားလိဂ် လူငယ်ကစားသမားများက မန်စီးတီးတိုက်စစ်မှူး ဖာရန်တောရက်စ်(ယူရို ၁၀၆ သန်း)၊ အာဆင်နယ် နောက်ခံလူ ဘူကာယိုဆာကာ(ယူရို ၉၅ ဒသမ ၈ သန်း)တို့ ဖြစ်သည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး လူငယ်ကစားသမား ၁၀ ဦး (ယူရို)
၁။ အယ်ဖွန်ဆိုဒေးဗီးစ် ဘိုင်ယန်မြူးနစ် ၁၈၀.၄ သန်း
၂။ ဂျေဒန်ဆန်ချို ဒေါ့မွန် ၁၂၅.၆ သန်း
၃။ အန်ဆူဖာတီ ဘာစီလိုနာ ၁၂၂.၇ သန်း
၄။ အာလင်းဟာလန်း ဒေါ့မွန် ၁၂၀.၃ သန်း
၅။ မေဆန်ဂရင်းဝုဒ် မန်ယူနိုက်တက် ၁၁၅.၃ သန်း
၆။ ဖာရန်တောရက်စ် မန်စီးတီး ၁၀၆ သန်း
၇။ ဘူကာယိုဆာကာ အာဆင်နယ် ၉၅.၈ သန်း
၈။ ကူလူဆက်ဗ်စကီး ဂျူဗင်တပ်စ် ၇၅.၁ သန်း
၉။ ဖီးလ်ဖိုဒန် မန်စီးတီး ၇၀.၃ သန်း
၁၀။ ရိုဒရဂို ရီးရဲလ်မက်ဒရစ် ၆၉.၉ သန်း
Ref:CIES