ဆန်ချိုအပါအဝင် ကစားသမား ၃ ဦးထက်မနည်း ခေါ်ယူရန် မန်ယူ စီစဉ်ထား

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားသော မန်ယူအသင်းသည် နွေရာသီ အပြောင်းအရွှေ့ မပိတ်သိမ်းမီ ကစားသမား ၃ ဦးထက်မနည်း ခေါ်ယူရန် စီစဉ်ထားပြီး ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုက ဦးစားပေးပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း မန်ချက်စတာ ညနေခင်းသတင်းစာ(MEN) က ဖော်ပြသည်။

MEN ၏ဖော်ပြမှုအရ မန်ယူသည် အောက်တိုဘာ ၅ ရက်တွင် ပိတ်သိမ်းမည့် နွေဈေးကွက်မပိတ်မီ ကစားသမားသစ်များ ထပ်မံခေါ်ယူသွားမည်ဖြစ်ပြီး ဘယ်နောက်ခံ၊ ဗဟိုနောက်ခံ၊ အထောင်တိုက်စစ် နေရာများ ဖြစ်ဖွယ်ရှိသည်ဟု သိရသည်။

မန်ယူသည် အင်္ဂလန်လက်ရွေးစင် ဆန်ချိုကိုခေါ်ယူရန် ကြိုးစားနေသော်လည်း ဒေါ့မွန်ဘက်က သတ်မှတ်ထားသည့် ပေါင် ၁၀၈ သန်းဆိုသည့် ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့လျက်ရှိသည်။

လက်ရှိတွင် နှစ်ဖက်စလုံးသည် ဆန်ချို၏ အပြောင်းအရွှေ့အတွက် သဘောတူညီမှု မရသေးသော်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် လမ်းဖွင့်ထားသည်။

ဆိုးလ်ရှားသည် ဘယ်နောက်ခံနေရာအတွက် ဂျူဗင်တပ်စ်မှ ဒေါက်ဂလပ်စ်ကော်စတာနှင့် ဒိုင်နမိုကိဗ်မှ မိုင်ကိုလန်ကိုတို့ကို စောင့်ကြည့်လျက်ရှိပြီး ရီးရဲလ်မက်ဒရစ်မှ ရီဂွီလန်ကိုလည်း စိတ်ဝင်စားနေသည်။

၂၃ နှစ်အရွယ် စပိန်လက်ရွေးစင် ရီဂွီလန်သည် ယမန်နှစ်က ဆီဗီလာသို့ အဌားသွားရောက်ကစားခဲ့ပြီး မန်ယူကို အနိုင်ရခဲ့ သော ယူရိုပါလိဂ်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့သည်။

မန်ယူသည် ဖီးလ်ဂျုံးစ်၊ စမောလင်း၊ ရိုဟိုတို့၏ ဗဟိုနောက်ခံနေရာကို အစားထိုးနိုင်ရေးအတွက် လိုက်ပ်ဇစ်မှ အသက် ၂၁ နှစ်အရွယ် ပြင်သစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ယမန်နှစ်က ပရီးမီးယားလိဂ် အဆင့် ၃ ရခဲ့သော မန်ယူသည် ယခုနွေရာသီတွင် အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ် တစ်ဦးတည်းကိုသာ ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူထားပြီး အပြောင်းအရွှေ့မပိတ်မီ ခြေစွမ်းထက် ကစားသမားများဖြင့် အားသစ်လောင်းရန် ပြင်ဆင်ထားသည်။

Ref:MEN

Facebook Comments Box
Facebook Comment