ဆန်ချိုကို မခေါ်နိုင်ခြင်းမှာ ယူနိုက်တက်၏ စီမံခန့်ခွဲမှု အမှားကြောင့်ဟု ဝက်ဇ်ကီ ဖွင့်ဟ

ဒေါ့မွန် အမှုဆောင်အရာရှိချုပ် ဟန်းဂျိုအာချင်ဝက်ဇ်ကီက ယ ခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း မန်ယူနိုက်တက်သည် မိမိတို့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူရန် ကြိုးစားမှု မအောင်မြင်ရခြင်းမှာ အခြေအနေအပေါ် လွဲမှားစွာဆုံးဖြတ်သည့် စီမံခန့်ခွဲမှု အမှားများကြောင့် ဖြစ်သည်ဟု ပြောသည်။

အသက် ၂၀ အရွယ် ဆန်ချိုသည် ကမ္ဘာ့ဘောလုံးလောက၏ အထင်ရှားဆုံး ကစားသမား တစ်ယောက်ဖြစ်ပြီး ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၄၄ ပွဲတွင် ဂိုး ၂၀ သွင်းကာ ဘွန်ဒက်စ်လီဂါတွင် ဒုတိယရခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့သည်။

ယူနိုက်တက်သည် အင်္ဂလန်လက်ရွေးစင် ဆန်ချိုကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ကာ နွေရာသီကာလတစ်လျှောက် ကြိုးပမ်းခဲ့ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုပင် ရယူနိုင်ခဲ့သည်ဟု သိရသည်။

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကာလ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် ဒေါ့မွန်က သတ်မှတ်ထားသော ပေါင် ၁၀၉ သန်းကို မပေးနိုင်၍ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသည်။

ဝက်ဇ်ကီက စီမံမှုအမှားလုပ်ခဲ့သော အသင်းကို ယူနိုက်တက်ဟု အမည်တပ် မပြောသော်လည်း ထိုကလပ်သည် ဖြစ်ပေါ်လာသည့် အခြေအနေကို အကောင်းဆုံး အသုံးမချနိုင်သောကြောင့်သာ ဆန်ချိုကို မခေါ်နိုင်ခြင်းဖြစ်ပြီး မိမိတို့အသင်းက မန်စီးတီးအကယ်ဒမီထွက် ကစားသမားနှင့် ပတ်သက်၍ မည်သည့်အပေးအယူမှ ပြုလုပ်မည်မဟုတ်ဟု ဆိုသည်။

သို့သော် မိမိတို့ တောင်းဆိုသည့် အနေအထားနှင့် ကိုက်ညီသည့် ကမ်းလှမ်းမှုကို လက်ခံရရှိပါက ဆန်ချိုကို ရောင်းချဖွယ်ရှိနေသည်ဟုလည်း ၎င်းက ဝန်ခံသည်။

ဝက်ဇ်ကီက စီမံခန့်ခွဲမှု အမှားပြုလုပ်သော အသင်းနှင့်ပတ်သက်၍ “သူတို့က အခြေအနေအပေါ် တလွဲတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ ရှင်းရှင်းလေးပဲ။ လာမယ့်နွေရာသီမှာလည်း ဒီလိုပဲ ဆက်လုပ်သွားမှာ(ဆန်ချိုကို မရောင်းဟု ဆိုလိုခြင်းဖြစ်)ပါ။

ဒီဘောလုံးနယ်ပယ်မှာ ခင်ဗျားအနေနဲ့ ကစားသမားတစ်ယောက်ကို လုံးဝမ ရောင်းဘူးလို့ ဘယ်တော့မှ မပြောပါနဲ့။ ဒီနွေရာသီတစ်လျှောက်လုံး ဆန်ချိုထွက်သွားတော့မယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော်ဖတ်ခဲ့၊ ကြားခဲ့ရတယ်။

ဒါပေမဲ့ သူ မသွားခဲ့ပါဘူး။ ဒီမှာပဲ ဆက်ရှိနေတယ်။ ကျွန်တော်တို့က သူနဲ့ သဘောတူညီမှု ရယူခဲ့တယ်” ဟု ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment