ဆန်ချိုကိုခေါ်ခြင်းက အခြေခံကျသော ဖြေရှင်းမှုမဟုတ်ဟု ဖာဒီနန် ဝေဖန်

လတ်တလောကာလအတွင်း ယူနိုက်တက်အသင်း၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ကစားသမားဟောင်းများက ဝေဖန်နေချိန်တွင် နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း အသင်းဟောင်းအပေါ် နောက်ဆုံးဝေဖန်သော ကစားသမား ဖြစ်လာသည်။

ယူနိုက်တက်သည် ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အေဂျက်စ် ကွင်းလယ်လူ ဗန်ဒီဘိခ် တစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ဒေါ့မွန်တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူရေးက သောင်တင်ရေမကျ အခြေအ နေတွင်သာ ရှိနေသေးသည်။

နွေရာသီ အပြောင်းအရွှေ့က အောက်တိုဘာ ၅ ရက်တွင် ပိတ်သိမ်းတော့မည်ဖြစ်ရာ လက်ရှိအချိန်အထိ အခြားနေရာများအတွက် မစဉ်းစားဘဲ တိုက် စစ်အတွက်သာ ခေါ်ယူမည့်အနေအထား ဖြစ်နေသည်။

ယခုရက်ပိုင်းအတွင်း ဂယ်ရီနဗီးလ်၊ အီဗရာတို့က ယူနိုက်တက်၏ အပြောင်းအရွှေ့ပေါ်လစီကို ထောက်ပြထားပြီး ဗဟိုခံစစ်အတွက် ကစားသမားသစ် ခေါ်ယူခြင်းကို ဦးစားပေးလုပ်ဆောင်သင့်သည်ဟု တိုက်တွန်းထားသည်။

ပဲလေ့စ်ကို ရှုံးနိမ့်သောပွဲတွင် လင်ဒီလော့ဖ်နှင့် မက်ဂွိုင်းယား၏ ဗဟိုခံစစ်အတွဲ ကစားပုံက အမှားများခဲ့သလို ဘိုင်လီက ဘရိုက်တန်နှင့်ပွဲတွင် ပြန်က စားနိုင်ပြီဖြစ်သော်လည်း ကြံံ့ခိုင်မှု မပြည့်ဝခြင်း၊ ဖီးလ်ဂျုံးစ်၏ခြေစွမ်းက တစ်သမတ်တည်း မရှိခြင်းများနှင့် ရင်ဆိုင်နေရသည်။

ယူနိုက်တက်တွင် ၂၀၀၂ မှ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့သော အင်္ဂလန်နောက်ခံလူ ဖာဒီနန်ကလည်း ဆန်ချိုကို ခေါ်ယူခြင်းက အခြေခံကျသော ဖြေ ရှင်းမှုမဟုတ်ဘဲ ဗဟိုခံစစ်အတွက် ကစားသမားသစ် ဝယ်ယူခြင်းကိုသာ လုပ်ဆောင်သင့်သည်ဟု သုံးသပ်ပြီး အသက် ၂၁ နှစ်အရွယ် လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုက သင့်တော်သည်ဟု ဆိုသည်။

ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ် ၆ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်စီ ရယူနိုင်ခဲ့သော အသက် ၄၁ နှစ်အရွယ် ဖာဒီနန်က “ပထမဆုံးပွဲမှာ ကစားသွားတဲ့ ဗဟိုခံစစ်နေရာကို ကြည့်လိုက်ရင် ဘာတွေဖြစ်နေသလဲဆိုတာ တွေ့ရမှာပါ။ ဆန်ချို ယူနိုက်တက်ဆီ လာကစားတာကို ကျွန်တော်လည်း မြင်ချင်ပါတယ်။ သူက မျိုးဆက်အလိုက် ပါရမီရှင်ပါ။ ဒါပေမဲ့ ဆန်ချိုက အဓိကကျတဲ့ ဖြေရှင်းမှုတော့ မဟုတ်ပါဘူး။

ကျွန်တော့်သဘောဆိုရင်တော့ ယူနိုက်တက် လိုအပ်နေတာက ဗဟိုနောက်ခံ နေရာအတွက်ပဲ။ အူပါမီကာနိုက ငယ်တယ်။ ဘောလုံးကိုင်ကစားတာ ကောင်းတယ်။ သန်မာသလို နေရာစုံ ရွေ့လျားကစားနိုင်တယ်။ ပွဲတိုင်းကစားနိုင်သလို အခုချိန်မှာ လိုအပ်နေတာက ဒီလိုကစားသမားမျိုးပဲ” ဟု ပြောသည်။

Ref:talksport

Facebook Comments Box
Facebook Comment