ဆဋ္ဌမမှသည်

ဟယ်ရီကိန်း အသင်းကို
စွန့်ခွာသွားတာက
စပါးအတွက်တော့
နစ်နာမှုလို့ ဆိုနိုင်တယ်။
ဒါက လူတိုင်း
လက်ခံထားတဲ့ အမှန်တရားပဲ။
ကိန်းက ကမ္ဘ့ာအကောင်းဆုံး
တိုက်စစ်မှူးတွေထဲမှာပါတယ်။

အဆုံးသတ်သေချာတယ်။
အရေးကြီးချိန်တွေမှာ
သူ့ရဲ့ လုပ်အားနှုန်းက
အကျိုးကျေးဇူး
ဖြစ်ထွန်းစေတယ်။
သူ ကွင်းထဲမှာရှိနေရင်
အသင်းဖော်တွေ
အားတက်ရတယ်။

မြူးနစ်ကိုပြောင်းသွားတော့
စပါးတိုက်စစ် အားနည်းသွားတယ်။
နည်းပြကလည်း အသစ်။
ထုံးစံအတိုင်း နည်းပြသစ်
ရောက်လာတဲ့အခါ ယခင်
ရှိပြီးသားအထိုင်က
ပျက်သွားတယ်။

ရာသီအစ
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ
စပါးရဲ့ ခြေစွမ်းက
အားရစရာမကောင်းဘူး။
အသင်းခေါင်းဆောင်သစ်အဖြစ်
ခန့်အပ်ခံရတဲ့ ဆွန်ဟောင်မင်လည်း
ကိန်းမရှိတော့ တိုင်ပတ်နေတယ်။
သူတို့နှစ်ယောက်ကြား
နားလည်မှုက အခြားသော
ထိပ်တန်းတိုက်စစ်အတွဲလိုပဲ
ဘယ်သူက ဘာလုပ်မယ်ဆိုတာ
အလိုလို သိနေပြီးသား။

အခုတော့ ကိန်းမရှိတော့
ဆွန်ဟောင်မင်တယောက်တည်း
ယောင်ချာချာနဲ့ပေါ့။
ဒါပေမဲ့ ဘောလုံးမှာက
တယောက်မရှိရင် အသင်းက
ဘဝပျက်ပြီဆိုတာမျိုး
ဘယ်မှာရှိဖူးလို့လဲ။
ခေတ္တခဏ
အထိုင်ပျက်တာပဲ ရှိမယ်။

ကစားသမားအသစ်တွေ၊
အဟောင်းတွေနဲ့
အကောင်းဆုံးဖြစ်အောင်
တည်​ဆောက်ရတာပဲ။
စပါးရော၊ ဆွန်ရော
ဒီနည်းလမ်းအတိုင်း
လျှောက်ရတာပဲ။
ပရိုတွေဖြစ်တာကြောင့်
ဆွန်လည်း မရှိတော့တဲ့အရာကို
တမ်းတလွမ်းဆွတ်မနေဘဲ
အကောင်းဆုံး ပြန်တည်ဆောက်တယ်။

ဒီရာသီအစ လိဂ် ၆ ပွဲမှာ
၄ ပွဲဂိုးပေါက်ပျောက်ခဲ့ပေမယ့်
ဘန်လေနဲ့ပွဲမှာ ဟက်ထရစ်၊
အာဆင်နယ်နဲ့ပွဲမှာ
၂ ဂိုးသွင်းနိုင်ခဲ့တယ်။
ခြေစွမ်းကလည်း
တပွဲထက်တပွဲ ပိုကောင်းလာတယ်။
ခေါင်းဆောင်မှုစွမ်းရည်လည်း
ပိုမိုတိုးတက်လာတယ်။

မြောက်လန်ဒန်ဒါဘီမှာ
သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့်
ဆွန်ဟာ စပါးအတွက်
ဂိုး ၁၅၀ ပြည့် သွင်းထားပါပြီ။
စပါးအသင်းရဲ့ သမိုင်းမှာ
ဆဋ္ဌမမြောက် ဂိုးအများဆုံး
သွင်းထားသူဆိုတဲ့
မှတ်တမ်းကောင်းကိုလည်း
ပိုင်ဆိုင်ထားတယ်။
အသက်ကလည်း ၃၁ နှစ်ဆိုတော့
အကောင်းဆုံးအရွယ်လို့
ဆိုနိုင်မလားပဲ။

အခုဆိုရင် စပါးဟာ
ပိုစတီကိုဂလူရဲ့ နည်းဗျူဟာ၊
ဆွန်ရဲ့ ဦးဆောင်မှု၊
အသင်းသားတွေရဲ့
စည်းလုံးမှုတွေနဲ့အတူ
ပရီးမီးယားလိဂ်မှာ
ရှုံးပွဲမရှိသေးဘဲ
အဆင့် ၄ နေရာမှာ
ရပ်တည်နေတယ်။
ဆွန်အတွက်လည်း
လုပ်စရာတွေက
ရှိနေသေးတယ်။
အသင်းရဲ့ ကာလရှည်
ဖလားလက်မဲ့ဖြစ်မှုကို
အဆုံးသတ်နိုင်ရေးပဲ။

နောက်တခုက
ပုဂ္ဂလိကမှတ်တမ်းဖြစ်ပြီး
ထာဝရ ဂိုးသွင်းအများဆုံး
စာရင်းထဲ တဆင့်ထက်တဆင့်
မြင့်လာအောင် လုပ်နိုင်ရေးပေါ့။
သူ့ရဲ့ သွင်းဂိုးတွေကိုစုဆောင်းရင်း
စပါးကို ဖလားကိုင်မြှောက်နိုင်အောင်
လုပ်ဆောင်ပေးနိုင်ရင်တော့
နှစ်ကျပ်ကွက်လို့ ဆိုရမယ်။
ဆွန် ဒါကို လုပ်နိုင်မလားဆိုတာ
အပတ်စဉ်တိုင်း စောင့်ကြည့်ကြပါစို့။

Facebook Comments Box
Facebook Comment