ဆင်ပျံကြီး ရင်ကွဲရဦးမယ့် ဇာတ်ညွှန်းတပုဒ်

၂၀၂၃ နွေရာသီ
အပြောင်းအရွှေ့ကတော့
စတာ မကြာသေးဘူး။
စိတ်ဝင်စားစရာတွေက
အများသား။ ဆော်ဒီတွေရဲ့
ငွေကြေးတွေကြောင့်
ထိပ်သီးကစားသမားအချို့
အရှေ့အလယ်ပိုင်းကို
ရွေ့သွားကြတယ်။

အသပြာနောက်
မလိုက်ဘဲ ဂုဏ်သိက္ခာရှိတဲ့
အောင်မြင်မှုတွေကိုပဲ
တပ်မက်ကြတဲ့
ကစားသမားတွေကတော့
ဥရောပရပ်ဝန်းမှာပဲ
ကျောက်ချနေကြတာပေါ့လေ။
လက်ရှိကလပ်ကနေ
မြင့်မားတဲ့ အခြားကလပ်
တခုစီရွှေ့နိုင်ဖို့
ကြိုးစားနေတာမျိုးပါ။
ကိုယ်က ထိပ်တန်း
အနေအထားမှာရှိနေရင်
အသင်းကြီးတွေရဲ့
အပြိုင်လိုက်ခြင်းကို
ခံရမှာပဲ။

ဒါမျိုးက မထူးဆန်းပါဘူး။
ဘောလုံးလောကမှာက
ဖြစ်နေကျပဲ။ အရွေးမှန်ဖို့ပဲ
လိုတာ။ ငွေနောက် လိုက်မလား။
အောင်မြင်မှုရနိုင်တဲ့
အသင်းဆီပဲ ဒိုးမလား။
ဒါမမဟုတ် နှစ်ခုစလုံး
ရယူနိုင်တဲ့ အသင်းကို
ရွေးမလား။

ကိုယ့်ရွေးချယ်မှုက
ကိုယ့်ရဲ့သမိုင်း ဖြစ်လာမှာ။
ဝက်စ်ဟမ်းကပ္ပတိန်
ဒက်ကလန်ရိုက်စ်လည်း
အခုလတ်တလော
စိတ်တွေ ဒွိဟဖြစ်နေပုံပဲ။
သူ့ရဲ့ ခြေစွမ်းက
လန်ဒန်ကလပ်ထက်
ပိုမိုမြင့်မားတဲ့ အသင်းဆီ
ရောက်သင့်နေတာ။

ဒါဟာ ဒေးဗစ်မွိုက်စ်ရဲ့
အသင်းကို စော်ကားတာတော့
မဟုတ်ပါဘူး။ ယူရိုပါ
ကွန်ဖရန့်လိဂ်ကို ရယူထားတာ
လေးစားစရာပါ။ ဒါပေမဲ့
ကွင်းလယ်နေရာစုံမှာ
စွယ်စုံသုံးလို့ရတဲ့ ရိုက်စ်ရဲ့
အနေအထားက အသင်းကြီးတွေဆီ
ရောက်သွားပြီး သူ့လို
ကစားသမားမျိုးတွေနဲ့
ယှဉ်ပြိုင်ခွင့်ရခဲ့ရင်
ပိုတောက်ပလာမှာ အမှန်ပဲ။

အခုလည်း သူ့ကို
အာဆင်နယ်နဲ့ မန်စီးတီးက
အပြိုင်လိုက်နေကြပြီ။
ကြာသပတေးနေ့ မတိုင်ခင်အထိ
ရိုက်စ်တယောက် လန်ဒန်ပြိုင်ဘက်
ဆင်ပျံကြီးဆီ ပျံသန်းဖို့
သေချာသလောက်နီးပါး။ ဒါပေမဲ့
ဇွန် ၂၂ ညနေပိုင်းမှာတော့
မန်စီးတီးက ခေါ်ယူရေး
လမ်းကြောင်းထဲ လီဗာတဆုံးနင်းပြီး
ဝင်ရောက်လာခဲ့တယ်။

သိတဲ့အတိုင်း မန်စီးတီးဆိုတာ
ဂွါဒီယိုလာလက်ထက်မှာ
အင်္ဂလန်ကို စိုးမိုးထားတဲ့အသင်း။
လတ်တလောမှာလည်း
တရာသီအတွင်း ဖလား ၃ လုံး
ချန်ပီယံဆိုပြီး ဂုဏ်ဆာနေတာ။
ကစားသမားအင်အားကလည်း
အပျံစားပဲ။ ဒီလိုအသင်းမျိုးက
ခေါ်မယ်ဆိုရင် ငြင်းနိုင်မယ့်သူ
အရှားသားလား။

ကစားသမားကလည်း
အစောပိုင်းမှာ အာတီတာနဲ့
ပူးပေါင်းဖို့ ဆုံးဖြတ်ထားပေမယ့်
အခုတော့ စိတ်ယိုင်လာတဲ့ပုံ။
အစ်တီဟတ်ကိုလည်း
သွားဖို့ စိတ်ဝင်စားနေတယ်လို့
သတင်းတွေတက်လာတယ်။
သူ ဘာရွေးမလဲ။

စိတ်ဝင်စားစရာပါပဲ။

Facebook Comments Box
Facebook Comment