ဆက်တိုက် ခြေစွမ်းပြနိုင်ရေး ကြိုးပမ်းရန် ပီပီကို အာတီတာ တိုက်တွန်း

အာဆင်နယ်နည်းပြမီခေးလ်အာတီတာသည် နီကိုလပ်စ်ပီပီအား ဆက်တိုက်ခြေစွမ်းပြနိုင်ရေး ကြိုးစားရန် တိုက်တွန်း ပြောကြားလိုက်သည်။ အိုင်ဗရီကို့စ်လက်ရွေးစင်သည် ကြာသပတေးနေ့တုန်းက မိုလ်ဒီအား ၄-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် အကောင်းဆုံးကစားနိုင်ခဲ့ကာ ဂိုးသွင်းယူနိုင်ခဲ့သည်။

အာဆင်နယ်သည် မိုလ်ဒီကို နောက်မှ လိုက်ကစားခဲ့ရပြီး ပီပီသည် အာဆင်နယ်အတွက် တတိယဂိုးကို သွင်းယူခဲ့သည့်အပြင် ဂျိုးဝဲလ်လော့ခ် ဂိုးသွင်းနိုင်အောင်လည်း ဖန်တီးနိုင်ခဲ့သည်။

ပီပီသည် ယခုရာသီတွင် အာဆင်နယ်အတွက် ၁၁ ပွဲကစားထားရာတွင် ၃ ဂိုးသွင်းထားနိုင်သည်။

အာတီတာက “မိနစ် ၉၀ လုံး၊ တစ်ပွဲလုံး၊ ဘောလုံးရတိုင်း၊ လှုပ်ရှားမှုတိုင်း၊ ဧရိယာဝန်းကျင်မှာ ဘောလုံးရတိုင်း ဒီထက်မက ပိုကောင်းပိုလုပ်နိုင်ဖို့ လိုပါတယ်။ နောက်ဆုံးအပြီးသတ် လုပ်ဆောင်ချက်မှာလည်း ဒီထက် ကောင်းရမယ်။ သူတစ်ယောက်တည်းမှ မဟုတ်ဘူး။ အားလုံးပါ။ ထိပ်သီးအသင်းတစ်သင်း ဖြစ်ချင်ရင် ဂိုးအများကြီး သွင်းဖို့ လိုတယ်။ ဂိုးက အခုအချိန်မှာ တောင်းဆိုမှု အမြင့်မားဆုံး ဖြစ်တယ်။ ဒီနေ့သူ ဂိုးသွင်းပြီး ဖန်တီးနိုင်ခဲ့တယ်။ တကယ်ဆို ဒီထက်တောင် သူ လုပ်ပြနိုင်သေးတယ်။ အခု သူဟာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပါပြီ”ဟု ပြောကြားသွားသည်။

အာဆင်နယ်သည် နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရရှိထားပြီး ယူရိုပါလိဂ်တွင်လည်း ဇယားထိပ်ဆုံးတွင် ရပ်တည်နေကာ နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခြေအနေ ကောင်းနေသည်။

Facebook Comments Box
Facebook Comment