စံချိန်ချိုးတဲ့ မက်ဆီ

မောင့်ပယ်လီယာအား အနိုင်ရသည့်ပွဲတွင် ပီအက်စ်ဂျီအတွက် ဒုတိယဂိုးသွင်းခဲ့သော လီယွန်နယ်မက်ဆီသည် ဥရောပထိပ်တန်းလိဂ် ၅ ခု၌ ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်လာပြီဖြစ်သည်။

ပါရီကလပ်က ၃-၁ ဖြင့် အနိုင်ရသောပွဲတွင် မက်ဆီသည် ၇၂ မိနစ်၌ ဖေဘီယန်ရုဇ်၏ ဖန်တီးပေးမှုမှတဆင့် ဂိုးသမားနှင့်အတွေ့ အပိုင်ကန်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုဂိုးသည် အာဂျင်တီးနားကပ္ပတိန်အတွက် ၆၉၇ ဂိုးမြောက် ကလပ်သွင်းဂိုးဖြစ်လာပြီး ရော်နယ်ဒိုထက် တဂိုးအသာရကာ ဥရောပထိပ်တန်းလိဂ် ၅ ခုတွင် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့သည်။

၎င်းသည် ဘာစီလိုနာအတွက် ၆၇၂ ဂိုး၊ ပီအက်စ်ဂျီအတွက် ၂၅ ဂိုး သွင်းယူထားခြင်းဖြစ်သည်။

ဆော်ဒီကလပ် အယ်နာဆာသို့ ပြောင်းရွှေ့သွားသော ရော်နယ်ဒိုသည် ဥရောပထိပ်တန်းလိဂ် ၅ ခုထဲပါဝင်သော ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေတို့တွင် သွင်းယူထားသောဂိုးက ၆၉၆ ဂိုးသာရှိသည်။

ပရိုဘဝစတင်သည့် စပို့တင်းလစ္စဘွန်းအတွက် သွင်းယူသော ၅ ဂိုးအားထည့်တွက်လျှင် ရော်နယ်ဒို၏ ကလပ်သွင်းဂိုးက ၇၀၁ ဂိုးအထိရှိသည်။

ထို့ကြောင့် မက်ဆီအနေဖြင့် ရော်နယ်ဒို၏ ဥရောပသွင်းဂိုးအားလိုက်မီရန် ၄ ဂိုးသာ လိုတော့သည့်သဘောလည်း ဖြစ်သည်။

Ref:armradio

Facebook Comments Box
Facebook Comment